
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၃ ယောက်ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ် အင်အား ၂၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခန့်က လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာထဲကို စစ်ကြောင်းထိုးလာရင်း လမ်းမှာတွေ့တဲ့ ရခိုင်စစ်ဘေးဒုက္ခသည် ၃ ယောက်ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင် သွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကြီးပေါက်ကုန်းရွာထိပ်နားမှာ အဖမ်းခံရတာပါ။ PDF ဆိုပြီး ဖမ်းသွားတာ။ ကြိုးတွေနဲ့တုပ်ပြီး ဖမ်းသွားတာပါ။ စစ်ဘေးဒုက္ခသည်တွေချည်းပဲ။ PDF မဟုတ်ပါဘူး။ အလုပ်က ပြန်လာချိန်မှာ စစ်ကြောင်းနဲ့တိုးတာနဲ့ ဖမ်းသွားတာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတဲ့ ရခိုင်စစ်ဘေးဒုက္ခသည် ၃ ယောက်ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးရှောင်လာပြီး လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာနဲ့ စစ်ကုန်း ကျေးရွာတို့မှာ နေထိုင်နေတဲ့ ကိုမြင့်ဌေး၊ ကိုကြွက်နီနဲ့ ကိုဖိုးချစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ဒီရက်ထဲ ဟင်္သာတတပ်၊ အင်္ဂပူမြို့နယ်နဲ့ ကွင်းကောက်တပ်က တပ်သားတွေ ခပ်စိပ်စိပ် စစ်ကြောင်းထိုးနေတယ်။ မကြာခဏ စစ်ကြောင်းထိုးနေတာပါ။ သူတို့စစ်ကြောင်းနဲ့တိုးရင် အခုလို PDF လို့ ခေါင်းစဉ်တပ်ပြီး ဖမ်းတာပဲ” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက ကြီးပေါက်ကုန်းကျေးရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေမှာ ဩဂုတ်လနဲ့ စက်တင်ဘာလ ပထမပတ်အတွင်း စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ် PDF တွေအကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေကို မတွေ့ရတော့သလို တိုက်ပွဲတွေလည်း ငြိမ်သက်နေပြီဖြစ်ပေမဲ့ စစ်အာဏာရှင်တပ်က အခုလို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာရှင်တပ်သားတွေဟာ မေ ၁၅ ရက် ညနေပိုင်းကလည်း ကြီးပေါက်ကုန်းကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အရပ်သား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီး ခဲ့သေးတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေက ဆိုပါတယ်။











