
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ငဝန်မြစ်တာကျိုးပြီး ကျေးရွာအများအပြား ရေမြုပ်နေတာ ၂ ပတ်ကျော်ကြာနေတဲ့အပြင် မြစ်ရေထပ်တိုးလာတာကြောင့် ရေလွှမ်းဧရိယာ ပိုကျယ်လာပြီး အိုင်သပြု၊ ငါးသိုင်းချောင်း၊ ကျုံပျော်နဲ့ ကျောင်းကုန်း မြို့နယ်တွေအထိပါ ရေဘေးဒဏ် ဆက်လက်ခံနေရပါတယ်။
မြစ်ရေ ထပ်တိုးလာတာကြောင့် ရေလွှမ်းဧရိယာ ပိုကျယ်လာကာ စိုက်ထားတဲ့ စပါးခင်းတွေလည်း ပျက်စီးကုန်ပြီလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ရေဘေးသင့် ပြည်သူတယောက်က “ရေက အိုင်သပြုကနေ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ အဲဒီဘက်တွေအထိ ရေဝင်သွားပြီ။ ရေမြုပ်ဧရိယာ ပိုကျယ်သွားတာပေါ့လေ။ တာမပိတ်နိုင်သေးတဲ့ အခြေအနေကြားမှာ မြစ်ကျိုးပေါက်ကနေ ရေတွေ ဆက်ဝင်နေပြီးတော့ ပတ်ဝန်းကျင်မြို့တွေကိုပါ ဆက်ပြီးရေဝင်နေတာ။ ရေဝင်တော့ ဘာဖြစ်လဲဆို သေရေးရှင်ရေးတော့ မပြေးရဘူး၊ ဒါပေမဲ့ စပါးခင်းတွေ ကုန်မှာပဲ။ အဆိုးဆုံးက ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ အဲဒီဘက်တွေ ဖြစ်နေပြီ“ လို့ ပြောပါတယ်။
ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ရေကြည်မြို့နယ် ဒေါင့်ကြီးအုပ်စုထဲက မီးသွေးကုန်းကျေးရွာထဲကို ရေစဝင်လာပြီး ဒယ်ကုန်းကျေးရွာဘက်ကိုလည်း အလှူရှင်တွေ လာရောက်ပေးဖို့ အကူအညီတောင်းနေတာတွေ ရှိတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။
ရေဘေး အဆိုးဆုံးခံနေရတဲ့ အိုင်သပြုနဲ့ ငါးသိုင်းချောင်းဘက်မှာတော့ ရေစီးကြမ်းနေကာ ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေ ဝင်ဖို့ခက်တဲ့ နေရာတွေ ရှိနေတယ်လို့ ကယ်ဆယ်ရေးဝင်နေတဲ့သူတွေက ပြောပါတယ်။
အခုလို ရေစီးသန်နေတဲ့အတွက် စက်လှေတွေနဲ့ ရေကူးတတ်ပြီး ကယ်ဆယ်ရေး အတွေ့အကြုံရှိသူတွေကိုသာ အဓိက မှီခိုနေရကာ စက်သုံးဆီ၊ ဆေးဝါးနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေသလို မြွေအန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုကြပါတယ်။
တဖက်မှာလည်း ဒေသခံတွေ အိမ်ကို စွန့်ခွာချိန်မှာ အိမ်ဖောက်ခံရတဲ့ အန္တရာယ်တွေ ဆက်တိုက်ကြုံနေရပါတယ်။
ဒါပေမဲ့ ရေကအရှိန်နဲ့ ထပ်စီးလာနိုင်တယ်လို့ ယူဆထားတဲ့အတွက် ပြောင်းဖို့ကျန်နေတဲ့သူတွေကို အဓိကထား ဆက်ကယ်ထုတ်ရတဲ့အပိုင်းကိုပဲ ဦးစားပေးလုပ်နေကြတယ်လို့ ရေဘေးကယ်ဆယ်ရေး တယောက်က ပြောပါတယ်။
“ဒီလို တဖြည်းဖြည်း တက်လာတဲ့ရေက ၁၇ ရက်နဲ့ ၁၈ ရက်၊ ဒီ ၂ ရက်အထိတော့ လာနေဦးမှာပဲ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ရောက်လာမဲ့ ရေကတော့ ဒီရက်ပိုင်းမှ ထပ်တိုးလာတဲ့ မြစ်ရေတွေ၊ ဆိုလိုတာက အပေါ်ရေတွေ ဖြစ်သွားပြီ။ အောက်ရေ ရောက်ပြီးသား ရေလွှမ်းလွင်ပြင်ကြီးကို ဖြတ်စီးလာမှာဆိုတော့ အဆင်းဘီးတပ်သလိုကို မြန်မှာဗျ။ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်းမှာတော့ အရှိန်နဲ့ ရောက်လာပြီး ဘူးလေးရာ ဖရုံဆင့်ဆိုသလို ရေတွေ ပိုဆိုးသွားနိုင်တယ်။ ကူညီကယ်ဆယ်ရေးလာမဲ့ ပရဟိတအသင်းတွေ အနေနဲ့လည်း ကူညီဖို့ လာမယ်ဆိုရင် ဒီ ၂ ရက်အတွင်းမှာပဲ လိုအပ်တာတွေ အကုန်ပြင်ဆင်ပြီး လာစေချင်တယ်။ သတိတခု ထားရမှာက ငါးသိုင်းချောင်းမြို့ထဲ ရောက်သွားပြီးရင် လမ်းကြောင်းတွေ ပိတ်သွားပြီး ပြန်ထွက်လို့ မရနိုင်တော့တာကိုလည်း သေချာ သတိပြုစေချင်ပါတယ်ဗျာ။”
အခုလို အောက်ရေ ရောက်ပြီးသား ရေလွှမ်းလွင်ပြင်ကို ဖြတ်စီးလာမဲ့ အပေါ်ရေတွေကြောင့် ၁၉ ရက်ကနေ ၂၂ ရက်အတွင်း ရေစီးအရှိန် ပိုမိုမြန်ဆန်လာနိုင်တာကြောင့် ငါးသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လာမဲ့ပရဟိတအသင်းတွေအနေနဲ့ ရှေ့လာမဲ့ ၂ ရက်အတွင်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင်လာကြဖို့နဲ့ ငါးသိုင်းချောင်းမြို့ထဲ ရောက်ရှိပြီးပါက လမ်းကြောင်းတွေ ပိတ်ဆို့ပြီး ပြန်ထွက်ရခက်ခဲမဲ့ အခြေအနေကိုပါ ထိန်းသိမ်းသတိပြုကြဖို့ ဒေသခံ ကူညီရေးအဖွဲ့တွေက အကြံပြု နှိုးဆော်ထားကြပါတယ်။











