
တနင်္သာရီတိုင်း၊ ထားဝယ်အရှေ့တောဒေသ၊ မေတ္တာမြို့နဲ့ တောင်သုံးလုံးကြားရှိ ဟိန္ဒူးချောင်း ရွာအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ဆီက သိရပါတယ်။
ဇူလိုင် ၂၁ ရက် မနက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ကားသမားတယောက်နဲ့ ခရီးသည် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
သေဆုံးသွားတဲ့ ကားသမား ကိုရန်နိုင်က ထီးခီးတဝိုက် ကားမောင်းနေသူတယောက်ဖြစ်ကာ အမျိုးသမီးမှာတော့ ခရီးသည်တယောက် ဖြစ်တာကြောင့် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “ထိခိုက်သေဆုံးတဲ့ ၂ ယောက်က တိုက်ပွဲကြားမှာ သေနတ်ထိတာမဟုတ်ဘူး။ စကစဘက်က လက်နက်ကြီးလှမ်းပစ်တော့ ဟိန္ဒူးချောင်းတဝိုက်မှာကျပြီး ထိခိုက်သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးမပစ်ခတ်မီ ဟိန္ဒူးချောင်းအနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသေးတယ်လို့ KNU ဆီက သိရပါတယ်။
လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က မေတ္တာမြို့ကိုသွားမယ့် ခရီးသည်နဲ့ ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပိုက်ဆံနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းထားခဲ့ကာ လူကိုတော့ ညနေပိုင်းလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။










