
ရီးရဲလ်မက်ဒရစ်နဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေသေးတဲ့ တိုက်စစ်ကစားသမား ဗင်နီဆီးယက်စ်ဟာ အနာဂတ် မရေမရာ ဖြစ်လာပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးပေမဲ့ စာချုပ်သက်တမ်း တိုးရာမှာ လုပ်ခပမာဏ သဘောတူညီမှု မရရှိသေးတာပါ။ ဗင်နီဟာ ရီးရဲလ်မှာ တပတ်လုပ်ခ ပေါင် ၃၃၀,၀၀၀ ကျော် ရရှိနေသူပါ။
အသင်းဖော်တိုက်စစ်မှူး အမ်ဘာပေက တပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ အထိ ရရှိနေပြီး ဗင်နီ အနေနဲ့ စာချုပ်သစ်မှာ အမ်ဘာပေရဲ့ လုပ်ခပမာဏထက် မနည်းရရှိဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
စပိန်သတင်းစာ AS ကတော့ လက်ရှိအချိန်မှာ သက်တမ်းတိုးဖို့ အဆင်မပြေသေးတာကြောင့် ဆိုင်းငံ့ထားပြီး ဗင်နီရဲ့အနာဂတ်က သံသယဖြစ်စရာရှိလာကြောင်း ဖော်ပြပါတယ်။
ဗင်နီဆီးယက်စ်ကို ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး ပေါင်သန်း ၈၃၀ တန် ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။
ဆော်ဒီလိဂ်မှာ ရော်နယ်ဒို၊ ဘင်ဇီမာတို့လို ရီးရဲလ်ဂန္ထဝင်တွေ ပါဝင်ကစားနေပြီး ဗင်နီဆီးယက်စ် အနေနဲ့လည်း အသင်းပြောင်းဖို့ စိတ်ဝင်စားနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။











