
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၅ နှစ်အောက် ကျောင်းသား ၁၀ ယောက်အထိ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောမြို့နယ် အင်းဒင်းကျေးရွာမှာ သြဂုတ် ၂၀ ရက် မွန်းတည့် ၁၁ နာရီခွဲမှာ ကောက်ရလာတဲ့ စစ်ကျန်ဗုံးသီးကို ကလေးငယ်တွေက ဆော့ကစားကြရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် KG တန်းကနေ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတချို့ကို ဆေးရုံပို့ထားရတယ်လို့ အင်းဒင်ကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“ကလေးတွေက အဲဒီ စစ်ကျန်ဗုံးသီးကို ဘယ်ကကောက်ရခဲ့မှန်း မသိဘူး။ ဒီနေ့က ကျောင်းပိတ်ရက် ဆိုတော့ ရွာထဲ ဝိုင်းပြီးတော့ ဆော့ကစားကြရမှာ ပေါက်ကွဲမှုဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာ ရရှိ သွားကြတာ။ ကလေး ၆ ဦးက ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရတယ်။ နောက်ထပ် ဒဏ်ရာမပြင်းထန်တဲ့သူတွေကတော့ ရွာမှာပဲ ဆေးကုသမှု ခံယူနေကြရတယ်။”
စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေအထဲမှာ GK တန်း ကျောင်းသူ တယောက်၊ Grade-1 ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်၊ Grade-2 ကျောင်းသား ၄ ယောက်၊ Grade-3 ကျောင်းသားတယောက်နဲ့ Grade-4 ကျောင်သားတယောက်၊ Grade-5 ကျောင်းသူတယောက်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူတွေအထဲ အင်းဒင်ကျေးရွာက ကလေး ၅ ယောက်နဲ့ ပဲရုံကျေးရွာက ကလေး ၅ ယောက်တို့ အသီးသီး ပါဝင်ကြပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်တွေဟာ အသက် ၅ နှစ်ကနေ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ ကလေးတွေ ဖြစ်ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အင်းဒင်ကျေးရွာနဲ့ ပဲရုံ(နတလ)ကျေးရွာဟာ ကပ်ရက်ကျေးရွာနှစ်ရွာဖြစ်ကြပြီး ကလေးတွေဟာ လည်း တရွာနဲ့တရွာ သွားလာ ကျောင်းတက်၊ ကစားနေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းဒင်ကျေးရွာအနီးမှာ စစ်အာဏာရှင်တပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းတွေ ဆယ်စုနှစ်နဲ့ချီ အခြေစိုက်နေထိုင်ခဲ့ကြသလို ၂၀၂၃ ခုနှစ်အတွင်းကလည်း အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ် အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို အာရက္ခတပ်တော်က ဆက်တိုက် ရှင်းလင်းနေပေမဲ့လည်း အလုံးစုံ ရှင်းလင်းတာမျိုး မရှိသေးသလို ကလေးငယ်တွေနဲ့ ဒေသခံတွေ အပေါ်မှာလည်း မိုင်းနဲ့ စစ်ကျန်လက်နက် အသိပညာပေးမှုတွေ အများကြီး လိုအပ်နေသေးတယ်လို့ မောင်တောမြို့ခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။
“မောင်တောဒေသက မိုင်းနဲ့ စစ်ကျန်လက်နက် အများဆုံးကျန်ခဲ့တဲ့ မြို့နယ်လို့ ပြောလို့ရတယ်။ လက်ရှိအချိန်ထိ ရှင်းထားရသလောက် အလုံးရေ ထောင်ချီရှိနေပြီ။ ဒါပေမဲ့လည်း အားလုံး ကင်းစင်သွားဖို့ဆိုတာက မဖြစ်နိုင်သေးဘူလေ။ နောက် ကလေးတွေနဲ့ ဒေသခံတွေဆီမှာ မိုင်းနဲ့ စစ်ကျန်လက်နက် အသိပညာပေးတာတွေက အရမ်းအားနည်းသေးတယ်။ အသိပညာပေးပြီးတော့ ရှောင်သင့်တာ ရှောင်ဖို့နဲ့ တာဝန်ရှိသူတွေကို အသိပေးပြီး ရှင်းထုတ်ဖို့ အပိုင်းတွေကို အများကြီး လုပ်ဆောင်ကြဖို့ လိုအပ်သေးတယ်။”
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တိုင်းမှာ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးမှုတွေဟာလည်း လစဉ်လတိုင်း ရှိနေကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာလည်း အရေအတွက် မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ပွဲဧရိယာတွေမှာ အာရက္ခတပ်တော်ဘက်က မိုင်းရှင်းလင်းမှု ဆက်တိုက် ပြုလုပ်ပေးနေမဲ့လည်း မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးမှုတွေဟာ အများကြီး လိုအပ်နေကြဆဲဖြစ်တယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေဆီက သိရပါတယ်။











