
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေရဲ့ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတွေ ရှိနေလို့ အာရက္ခတပ်တော် (AA) က ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောခရိုင်ရှိ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်တွေဟာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်စေနိုင်ဖို့ လုပ်ဆောင်လာနေတဲ့အတွက်ဆိုပြီး AA က ညမထွက်ရအမိန့် ထုတ်ပြလိုက်ပါတယ်။
AA ရဲ့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမိန့်ဟာ ဩဂုတ် ၉ ရက်နေ့ကတည်းက စတင်အသက်ဝင်တာဖြစ်ပြီး၊ အမိန့်ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
ခုလို ညမထွက်ရအမိန့် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး မောင်တောဒေသခံတယောက်က “ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း မောင်တောမြို့ တမိုင်လောက်ပတ်ဝန်းကျင်မှာ အာဆာ ၃ ယောက်လောက် ဖမ်းမိတယ်လို့ ကြားပါတယ်။ ပြီးရင် မောင်တောတောင်ပိုင်းဘက်က AA စခန်းတခုကိုလည်း ဒီ အာဆာအကြမ်းဖက်အဖွဲ့တွေ လူဦးရေ ၂၀ ကျော် ၃၀ လောက်ပေါ့နော်၊ သူတို့က စခန်းကိုဝင်လာပြီး လာပစ်ခတ်သွားတာ ရှိပါတယ်။ ခု လုံခြုံရေးတွေတော့ တိုးချထားတယ်။ မြို့တွင်းထဲမှာလည်း ကင်းလှည့်တာတွေကို အရင်ကထက် ပိုတိုးချထားတယ်၊ ညဘက်တွေမှာလည်း ကင်းလှည့်တာမျိုးတွေ တွေ့ပါတယ်။ အရင်ဆို ညဘက် ရဲတွေပဲ တွေ့တာပါ၊ ခု တပ်ဘက်ကပါ လာပြီးတော့ ကင်းလှည့်တာတော့ တွေ့ပါတယ်” လို့ ပြောပါတယ်။
အဲဒီ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေမှာ မကြာခဏဆိုသလို AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို အလစ်ဝင်ရောက်တိုက်ခိုက်တာ၊ ဒေသခံတွေကို ပြန်ပေးဆွဲ ငွေတောင်းခံတာ၊ သတ်ဖြတ်တာ၊ ချောင်းမြောင်းတိုက်ခိုက်တာတွေ စတဲ့ လုပ်ရပ်တွေကို လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဇူလိုင်လကတည်း AA နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့သလို ဒေသခံတွေ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း မောင်တောမြို့နယ် အောင်သပြေကျေးရွာသား ၅ ယောက်ကို ARSA အဖွဲ့က တိုက်ခိုက်ဖမ်းဆီးရာမှာ ၄ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒဏ်ရာရရှိသွားသူ တယောက်ကို ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ်ငွေ ကာတာသိန်း ၅၀ နဲ့ ပြန်ပေးဆွဲခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မောင်တောခရိုင်ကို AA က ထိန်းချုပ်ထားပေမဲ့ နယ်စပ်တလျှောက်မှာ ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။
မောင်တောဒေသခံတယောက်က “ကျနော်တို့က အရင်တုန်းကလို လွတ်လွတ်လပ်လပ် မသွားတော့ဘူးပေါ့၊ ဆင်ခြင်ပြီးတော့မှ သွားနေရတာပေါ့နော်။ ငါးရှာတဲ့လူတွေ၊ ဟင်းရှာတဲ့ လူတွေကိုလည်း တောတောင်တွေကို အရင်တုန်းကလို လွတ်လွတ်လပ်လပ် ဝင်ထွက်ပြီးတော့မှ ရှာဖွေတာတွေ သိပ်မရှိတော့ဘူးပေါ့။ ဒီလို အရေးစိုက်ပြီးတော့မှ သွားလာရတာပေါ့နော်။ လုံခြုံရေးတိုးချဲ့ပြီးတော့မှ ထိထိရောက်ရောက် လုပ်တာ ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ဒီ အကြမ်းဖက်အဖွဲ့ ARSA ၊ RSO ၊ ARO တို့က အမြဲတမ်းလိုလိုပဲ နှစ်ပေါင်းများစွာ ရှိနေပြီ။ တည်ငြိမ်စပြုလိုက်ရင် သူတို့က အကြမ်းဖက်မယ်၊ ဖောက်ခွဲမယ် မတည်ငြိမ်အောင်လုပ်မယ်၊ အဲလို လုပ်နေတယ်ဆိုတော့ ကျနော်တို့ ပြည်သူတွေကလည်း စိုးရိမ်တာပေါ့နော် ကြောက်ကြတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အခု အုပ်ချုပ်နေတဲ့ အာရက္ခတပ်တော်ကို အကြွင်းမဲ့ ယုံပါတယ်၊ ထိရောက်တဲ့ ကာကွယ်မှုတွေ လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော်(AA) က ဒေသအတွင်း လုံခြုံရေးကို လက်ရှိ အရှိန်မြှင့်တင်ထားပြီး၊ ညမထွက်ရအမိန့် မလိုက်နာသူတွေကို အရေးယူသွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် မဖြစ်မနေ သွားလာရမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ရယူပြီးမှသာ သွားလာဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာ မောင်တောခရိုင်တစ်ခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားပေမဲ့လည်း နယ်စပ်မှာ ခြေကုပ်ယူထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်ကြောင့် ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲပါ။
Photo: APM











