DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားစစ်တပ်က မြေမြှုပ်မိုင်းထောင်သည့်ကိစ္စ ထိုင်းကန့်ကွက် 
DVB
·
July 21, 2025
ကမ္ဘောဒီးယားစစ်တပ်က မြေမြှုပ်မိုင်းထောင်သည့်ကိစ္စ ထိုင်းကန့်ကွက် 
Donate to DVB

ပိုင်နက်အငြင်းပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းစစ်သည် ၃ ယောက် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစစ်တပ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပြောပါတယ်။

တိုင်းဒေသ ၂ စစ်တပ်လက်အောက်ခံ စူရတ်နာရီစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၉  ရက်က ထိုင်းစစ်သည်တွေ မိုင်းနင်းမိခဲ့တဲ့ ချောင့်ဘုတ်ဒေသတဝိုက် မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြတယ်၊ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း အလုံး ၁၀၀ လောက် တွေ့ရှိပြီး အဲဒါတွေဟာ မိုင်းအကြွင်းအကျန်မဟုတ်ဘဲ အသစ်မြှုပ်နှံထားတဲ့ မိုင်းတွေဖြစ်တယ်၊ မိုင်းအမျိုးအစားမှာ PMN-2 အမျိုးအစားဖြစ်ပြီး လူကိုသေစေနိုင်တဲ့ အန္တရာယ်ရှိမိုင်း ဖြစ်တယ်၊ ရုရှားနိုင်ငံက ထုတ်လုပ်တယ်၊ ထိုင်းနိုင်ငံမှာ အဲဒီအမျိုးအစား မိုင်းကို အသုံးပြုခြင်းမရှိ၊ အရင်ကလည်း ဝယ်ယူခဲ့ခြင်းမရှိ၊ နောက်လည်း ဝယ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ထိုင်းကြည်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်း ဆုဝါးရီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင်  ထိုင်းစစ်တပ်က ကိုယ့်နယ်မြေထဲကိုယ် မိုင်းထောင်ပြီး ကမ္ဘောဒီးယားကို စွပ်စွဲတယ်လို့ ကမ္ဘောဒီးယားဘက်က ပြောဆိုတဲ့ကိစ္စ မမှန်ကန်ကြောင်း၊ သူတို့ဘက်က သက်သေအဖြစ်ဖော်ပြတဲ့ ထိုင်းစစ်တပ်က မိုင်းထောင်နေတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေဟာ အရင်က မိုင်းရှင်းလင်းရေး လေ့ကျင့်နေတဲ့ ဓာတ်ပုံအဟောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဟာ ထိုင်းနယ်မြေထဲ ဝင်ရောက်ကျူးကျော် မိုင်းထောင်တဲ့အပြင် အငြင်းပွားဖွယ် ဒေသထဲမှာ အသက်အန္တရာယ်ရှိ မိုင်းဗုံးထောင်ခြင်း မပြုရဆိုတဲ့ နိုင်ငံတကာသဘောတူစာချုပ်ကိုပါ ချိုးဖောက်တယ်၊ ဒါကြောင့် ကမ္ဘောဒီးယားစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချတယ်လို့ ထိုင်းကြည်းတပ်ပြောခွင့်ရက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းနိကွဏ်းတေချ် ဖလန်းကွန်း ကလည်း ဇူလိုင် ၁၆ ရက်က ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ နမ့်ယင်းမြို့နယ်၊ ချောင့်ဘုတ်ဒေသမှာ တာဝန်ထမ်းဆောင်ရင်း စစ်သည်တယောက် ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရတယ်၊ ကျန် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရပြီး ဒီနေ့တိုင် ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အမှတ် ၂ စစ်တိုင်းဒေသနဲ့ ကြည်းတပ်တို့ရဲ့ အကြောင်းကြားချက်အရ အဲဒီမိုင်းတွေဟာ ထိုင်းဘက်က ထောင်ထားတာ မဟုတ်ဘဲ ကမ္ဘောဒီးယားဘက်ကသာ နယ်မြေကျူးကျော်တာလို့ သိရတယ်၊ ဒီအတွက် အပြင်းအထန် ရှုတ်ချပြီး ကုလသမဂ္ဂကတဆင့် တရားဝင် စာပို့သွားမယ်လို့ ဆိုပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နယ်ခြားရေးရာကော်မတီ၊ လုံခြုံရေးကောင်စီက တာဝန်ရှိသူတွေဟာလည်း ဇူလိုင် ၂၁ ရက် ဒီနေ့ မိုင်းထောင်မှုဖြစ်စဉ်နဲ့ သက်သေအထောက်အထားတွေ အသေးစိတ် ပြန်လည်စိစစ်ပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်တဲ့  ကမ္ဘောဒီးယားနိုင်ငံကို တရားစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

Source: PPTV / Thai PBS / MGROnline

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013