DVB Logo
Home
နိုင်ငံတကာ
တရုတ် EV ကားကုမ္ပဏီ ရောင်းအား ပိုပြထားကြောင်း တွေ့ရှိ
DVB
·
July 21, 2025
တရုတ် EV ကားကုမ္ပဏီ ရောင်းအား ပိုပြထားကြောင်း တွေ့ရှိ
Donate to DVB

တရုတ် EV ကား ကုမ္ပဏီတွေဖြစ်တဲ့ Neta နဲ့ Zeekr တို့ဟာ မကြာသေးမီနှစ်တွေထဲမှာ ရည်မှန်းချက်ပြည့်အောင်လို့ အကြီးအကျယ် ရောင်းအားပိုပြထားတယ်လို့ ရိုက်တာသတင်းဌာနက စာရွက်စာတမ်းတွေကို လေ့လာပြီး အရောင်းကိုယ်စားလှယ်တွေ၊ ဝယ်သူတွေကို မေးမြန်း ဖော်ပြထားပါတယ်။

Neta ကုမ္ပဏီဟာ ကားစီးရေ ၆၀,၀၀၀ ကျော်အထိ စာရင်းပိုပြထားတာ တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီတွေဟာ ဝယ်သူလက်ထဲ မရောင်းရခင်ကတည်းက ကားတွေကို အာမခံထားတဲ့နည်းနဲ့ အရောင်းစာရင်းဝင်အောင် လုပ်ခဲ့တာ တွေ့ရှိခဲ့ပါတယ်။

Neta ဟာ ၂၀၂၃ ဇန်နဝါရီလကနေ ၂၀၂၄ မတ်လအတွင်း ဒီနည်းလမ်းနဲ့ ကား ၆၄,၇၁၉ စီးကို အရောင်းစာရင်း သွင်းခဲ့တယ်လို့ အရောင်းကိုယ်စားလှယ်တွေကို ပေးပို့တဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

၁၅ လအတွင်း Neta က ရောင်းရတယ်ဆိုတဲ့ ကားအစီးရေ ၁၁၇,၀၀၀ မှာ ထက်ဝက်ကျော်ဟာ ဒီလိုစာရင်းသွင်းထားတာ ဖြစ်ပါတယ်။ Geely ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ပရီမီယမ် EV ဘရန်း Zeekr ဟာလည်း ၂၀၂၄ ခုနှစ်အတွင်း အလားတူနည်းလမ်းနဲ့ အရောင်းစာရင်း ကြိုပြခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

မနှစ် ဒီဇင်ဘာမှာ မြို့ကြီးနှစ်မြို့ထဲမှာ အရောင်း ၁၄ ဆ စံချိန်တင်ခဲ့တာလိုမျိုး သံသယဖြစ်ဖွယ်ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ China Securities Journal သတင်းစာက ဖော်ပြပါတယ်။

တရုတ်ကားလောကမှာ ဝယ်သူလက်ထဲ မရောက်ခင် ရောင်းပြီးဖြစ်တယ်လို့ စာရင်းကြိုပြတဲ့ ကားတွေကို “zero-mileage used cars” လို့ သုံးနှုန်းပါတယ်။

ကမ္ဘာ့အကြီးဆုံးကားစျေးကွက်မှာ အရောင်းစာရင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့အတွက်၊ အရောင်းပြပြီးသားကားတွေ ၆ လအတွင်း ပြန်ရောင်းလို့မရအောင် ပိတ်ပင်ဖို့ပါ စက်မှုဝန်ကြီးဌာနက စီစဉ်နေတယ်လို့ တရုတ်ကားထုတ်လုပ်သူများအသင်းက ထုတ်ဝေတဲ့ စာစောင်မှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရက EV စျေးကွက် တိုးတက်အောင်လို့ ထုတ်လုပ်သူ၊ ရောင်းသူကနေ ဝယ်ယူသူအထိ ဘက်ပေါင်းစုံကနေ စိုက်ထုတ်ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တချို့ ပံ့ပိုးမှုတွေ ရဖို့ရာမှာတော့ သတ်မှတ်ရောင်းအားရောက်ဖို့ လိုအပ်တဲ့အတွက် အခုလို စာရင်းပိုပြတာတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

Neta ကားကုမ္ပဏီဟာ ၂၀၂၄ နောက်ပိုင်းကတည်းက ဘဏ္ဍာရေးပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး ပိုင်ရှင်ဖြစ်တဲ့ Zhejiang Hozon New Energy Automobile ဟာ ပြီးခဲ့တဲ့လက ဒေဝါလီခံဖို့ လျှောက်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013