
မှတ်ပုံတင်စမတ်ကတ် (e-ID) စနစ်က ပြည်သူလူထုကို စောင့်ကြည့်ဖို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ စစ်ကောင်စီသြဇာခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ e-ID ဌာနက ထုတ်ပြန်ပါတယ်။
e-ID စနစ်က ပြည်သူတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြောဆိုနေတာဟာ မဟုတ်မမှန် ဝါဒဖြန့်ချိတာ ဖြစ်တယ်လို့ အဲဒီဌာနက ရှင်းလင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
e-ID စနစ်ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံအတွင်း နေထိုင်သူတွေကို အချိန်/နေရာမရွေး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား အခိုင်အလုံနဲ့ သက်သေခံနိုင်တဲ့ Digital Platform တခုအဖြစ် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။
ဒါ့အပြင် e-ID စနစ်မှာ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ ကျား/မ စတဲ့ Demographic အချက်အလက်တွေနဲ့ Biometrics အချက်အလက်ဖြစ်တဲ့ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်၊ မျက်နှာသွင်ပြင်တို့ကို ကောက်ယူပေါင်းစပ်ပြီး ဂဏန်း ၁၀ လုံးပါတဲ့ Unique Identification (UID) နံပါတ် ထုတ်ပေးတဲ့ စနစ်တခုဖြစ်သလို လူတယောက်ကို UID နံပါတ်တခုပဲ ရရှိမှာဖြစ်ပြီး အဲဒီနံပါတ်က ဘဝတသက်တာလုံး အသုံးပြုရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ စမတ်ကတ်ပြုလုပ်ရာမှာ ကိုယ်ရေးအချက်အလက်တွေ ကွန်ပျူတာထဲ ထည့်သွင်း သိမ်းဆည်းထားတာကြောင့် တော်လှန်ရေးမှာ ဆက်စပ်ပါဝင်နေသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရပြီး အဲဒီစနစ်အပေါ် ယုံကြည်မှုရှိမနေဘူးလို့ ထောက်ပို့လုပ်ငန်းစဥ်တွေမှာ ပုံမှန်ပါဝင်နေသူတယောက်က ပြောပါတယ်။
“နိုင်ငံတကာမှာ အသုံးပြုနေတဲ့စနစ် ဖြစ်ပေမဲ့လည်း စစ်တပ်အာဏာသိမ်းထားတဲ့ကာလ ဖြစ်နေလို့ မယုံတာ။ သူတို့က လုံခြုံရေးရှုထောင့်ကနေပဲ ပြည်သူကို ကြည့်တာမို့လို့ လုပ်ရပ်တိုင်းကို သံသယရှိတယ်။”
လက်ရှိမှာ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC)၊ နိုင်ငံကူးလက်မှတ် လုပ်မယ့်သူတွေ၊ ပင်စင်ထုတ်မယ့် အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ မှတ်ပုံတင်စမတ်ကတ် ပြရတဲ့အဆင့် ထပ်တိုးလာသလို လဝက,က မြေပြင်ဆင်းပြီး အချက်အလက် ကောက်ယူ ထည့်သွင်းတာတွေ ဆက်တိုက်လုပ်လာနေပါတယ်။










