
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ဝက်သိုက်ကုန်းကျေးရွာမှာ တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဇွန် ၂၅ ရက်က ဝက်သိုက်ကုန်းကျေးရွာကို တောဆင်ရိုင်းအုပ်ဝင်လာပြီး ရွာထဲက ဦးကြည်ဝင်းရဲ့ နေအိမ်နဲ့ ရွာက သီးနှံစိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဆင်ရိုင်းတွေက ရွာအစပ်မှာ ရှိနေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဦးကြည်ဝင်းတို့အိမ်က ဆင်နင်းခံရလို့ ပျက်စီးသွားတာ။ ပျက်စီးသွားတဲ့အိမ်မှာ ဦးကြည်ဝင်း အပါအဝင် ၇ ယောက်နေတာ။ ဆင်းရိုင်းတိုက်ခိုက်ခံရလို့ အိမ်ပျက်သွားတဲ့အတွက် ရွာထဲက မိသားစုတွေဆီမှာ ပြောင်းရွှေ့နေနေကြတယ်” လို့ပြောပါတယ်။
တောဆင်ရိုင်းတွေဟာ ဝက်သိုက်ကျေးရွာအစပ်က သီးနှံစိုက်ခင်းတွေထဲမှာ ဇွန် ၂၇ ရက်အထိ ရှိနေသေးတာကြောင့် ဒေသခံတွေ လယ်ယာလုပ်ငန်းခွင်ထဲမသွားရဲကြဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရွာထဲကိုဝင် သောင်းကျန်းတာက ဆင်တကောင်တည်း။ ရွာရဲ့အပြင်ဘက်မှာက ဆင်တွေ အုပ်လိုက် တွေ့ရတယ်။ ဒေသခံတွေက ဆင်နင်းခံရလို့ လူသေဆုံးတဲ့အထိ ဖြစ်ဖူးတော့ ကြောက်တာလေ” လို့ ပြောပါတယ်။
လတ်လောမှာ ဆင်ရိုင်းနင်းခံရလို့ နေအိမ်နဲ့ သီးနှံစိုက်ခင်း အများအပြား ပျက်စီးတာရှိပေမဲ့ လူတွေ ထိခိုက်တာမရှိဘဲ ဆင်တွေကို ရှောင်ရှားနေနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ် ၂၈ ရက်က သာပေါင်းမြို့နယ်၊ လှေတတ်ကြီးကျေးရွာမှာ ဆင်ရိုင်းအနင်းခံရလို့ အသက် ၅၁ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၂ ရက်ကလည်း သာပေါင်းမြို့နယ်၊ တက်ကုန်းကျေးရွာမှာ အမျိုးသားတယောက် တောဆင်ရိုင်းနင်းခံရလို့ သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။











