DVB Logo
Home
မြန်မာသတင်း
မှော်ဘီ ရဲတပ်ရင်းက ရဲ ၁ ဦးနှင့် စလင်းက စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်
DVB
·
July 20, 2025
မှော်ဘီ ရဲတပ်ရင်းက ရဲ ၁ ဦးနှင့် စလင်းက စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီရဲတပ်ရင်း ၅ က ရဲတပ်ဖွဲ့ဝင် ၁ ယောက် ခဲယမ်းတွေနဲ့အတူ ဇူလိုင် ၁၉ ရက်နေ့မှာ တောင်သာ ပကဖ ဆီ​ကို အလင်းဝင်လာပြီး မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၆ ယောက် အလင်းဝင်ရောက်လာတယ်လို့ ဒေါင်းစစ်အောင် (Local PDF) ဆီကနေ သိရပါတယ်။

တောင်သာ ပကဖ ဆီကို ပူးပေါင်းအလင်းဝင်ရောက်လာသူ ရဲတပ်သား ငြိမ်းမောင် ဟာ စစ်တပ်က ပေါ်တာဆွဲခံရပြီးနောက် ရဲတပ်ရင်းထဲပို့ခံရတာဖြစ်ပြီး လက်ပစ်ဗုံး ၂ လုံး၊  ကျည်အတောင့် ၂၅၀ တို့ကို ယူဆောင်လာတယ်လို့ တောင်သာ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တောင်သာ ပကဖ တာဝန်ခံ ကိုကြည်စတား ကလည်း “ကိုငြိမ်းမောင် က အာဇာနည်နေ့မှာ အမှတ်တရ အလင်းဝင်လာသူပါ။ သူ့ရှေ့မှာ မှော်ဘီရဲတပ်ရင်း ၅ ကနေ ကျနော်တို့ဆီကို အလင်းဝင်ထားနှင့်ပြီးသားသူတွေလည်းရှိထားတယ်။ အဲဒါကြောင့်လည်း ကိုငြိမ်းမောင် က ထပ်ပြီး အလင်းဝင်လာတာပါ။ သူက လက်နက်တော့ပါမလာခဲ့ဘူး။ လက်နက်ပါလာရင်တော့ ထိုက်ထိုက်တန်တန်ဆုငွေချီးမြှင့်ပေးပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာရှိနေသူတွေအားလုံး ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းပါဝင်ကြဖို့နဲ့ ပူးပေါင်း ပါဝင်လာသူတွေကို ဝမ်းမြောက်ဝမ်းသာနဲ့  နွေးနွေးထွေးထွေး ကြိုဆိုနေမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လနဲ့ ဒီဇင်ဘာလကလည်း မှော်ဘီရဲတပ်ရင်း ၅ က ရဲတပ်ဖွဲ့ဝင်တွေဟာ တောင်သာ ပကဖ ဆီကို အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၆ ယောက် အလင်းဝင်ရောက်လာတယ်လို့ ဒေါင်းစစ်အောင် (Local PDF) ဆီကနေ သိရပါတယ်။

ဒေါင်းစစ်အောင် (Local PDF) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “စလင်းအခြေစိုက်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက တပ်သားသစ် ၆ ယောက်က ကျနော်တို့ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ကျနော်တို့အဖွဲ့၊ ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့သူနာပြုတပ်ဖွဲ့တို့ဆီကို ကြိုတင်ချိတ်ဆက်ပြီး သူတို့တာဝန်ကျတဲ့တပ်တွေထဲကနေ ထွက်ပြေးလာကြတာပါ။ လက်နက်ခဲယမ်းတွေတော့ ပါမလာကြပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းနေကြရတဲ့ စစ်ကိုင်းမြို့နယ်ထဲက ၄ ယောက်၊ လယ်ဝေးမြို့နယ်ထဲက ၂ ယောက်တို့ဖြစ်ကြပြီး တိုက်ပွဲတွေရှိနေလို့ အခုမှ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေး က “သူတို့ ၆ ယောက်လုံးက ဗထူးမှာစစ်သင်တန်း အပတ်စဉ် ၁၂ သင်တန်းတက်ခဲ့ပြီး ပခုက္ကူ တပ်မ ၁၀၁ ကို အပို့ခံရပြီး အဲဒီကနေ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေဆီကို ထပ်အပို့ခံရတာ တပတ်လောက်ပဲရှိသေးတာ။ တပ်ထဲမှာသူတို့ကို နောက်တန်း တာဝန်တွေပေးထားပြီးတော့ လက်နက်မကိုင်ခိုင်းလို့ အခုအလင်းဝင်လာတဲ့အချိန်မှာ ဘာလက်နက်မှ ယူမလာနိုင်ကြပါဘူး။ သူတို့ထဲက တယောက်ရဲ့ညီက စစ်ကိုင်းဘက်က PDF တပ်ရင်းတခုထဲမှာရှိနေတော့ ၆ ယောက်လုံး အဲဒီကိုသွားမယ်လို့ ပြောတယ်။ ကျနော်တို့ဘက်ကလည်း ချိတ်ဆက်ပေးထားတယ်။ ဟိုဘက်ကလာခေါ်ရင် ထည့်ပေးလိုက်ရုံပါပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ဆီမှပေဲ သူတို့အရင် အလင်းဝင်လာကြသူတွေနဲ့အတူ အဆင်ပြေအောင်ထားပေးထားတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေကို အစစအရာရာအဆင်ပြေအောင်ဆောင်ရွက်ပေးထားပြီး အလင်းဝင်ရောက်ခိုလှုံဖို့အတွက် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အချိန်မရွေးဖိတ်ခေါ်ထားတယ်လို့ ဒေါင်းစစ်အောင် (LPDF) အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013