
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နတ်မောက်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကံသာရွာကို လေကြောင်းတိုက်ခိုက်ခံရတာပါ။ ပြည်သူထိခိုက်တာမရှိဘူး။ စာသင်ကျောင်းဆောင်နဲ့ တခြားဘာသာရေးအဆောက်အဦတချို့ ထိခိုက်ပျက်စီးတာရှိတယ်လို့တော့ သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) တွေ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။







နတ်မောက် ပကဖ တာဝန်ခံ ကိုဆိပ် က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ မိတ္ထီလာဘက်ကနေလာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲသွားတာဖြစ်ပါတယ်။ ကံသာရွာက စာသင်ကျောင်းဝန်းထဲကိုကြဲတာပါ။ စာသင်ဆောင် ၄ ဆောင်ရှိပြီးတော့ ၁ ထပ်စာသင်ဆောင် ၁ ဆောင်ကတော့ လုံးဝပျက်စီးတယ်။ ကျန်တဲ့ ၃ ဆောင်က ဗုံးစမှန်ရုံလောက်ဖြစ်ခဲ့တာပါ။ ကျောင်းဝိုင်းထဲက စေတီ ၁ ဆူလည်း အနည်းငယ်ပျက်စီးတယ်။ သိမ်ကျောင်းဆောင်ကတော့ အမိုးတွေလန်ကုန်တယ်။ ကျောင်းပိတ်ရက်မို့လို့ ကလေးတွေထိခိုက်တာမရှိခဲ့ပါဘူး။ ပြည်သူထိခိုက်တာလည်းမရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေကိုသာမက တိုင်းပြည်ရဲ့အနာဂတ် ကျောင်းသား၊ ကျောင်းသူတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
နတ်မောက်မြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်တွေကို အထူးသတိထားရှောင်ရှားနိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ တည်ဆောက်ထားကြဖို့ လိုအပ်လာပြီဖြစ်တယ်လို့လည်း နတ်မောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက အကြံပြုတိုက်တွန်းထားတယ်လို့ သိရပါတယ်။
Photo : ကိုဆိပ်










