
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၁၁ နာရီလောက်မှာ ဒရုန်တစီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံအရပ်သားတွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “စစ်ကောင်စီက ရွာပြင်မှာရှိတဲ့ အဆောက်အဦတခုကို လေကြောင်းကနေ တိုက်ခိုက်သွားတာ။ လူအထိအခိုက်တော့မရှိဘူး။ ရွာမှာက စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေလည်း မရှိဘူး။ အခုလို ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်သွားတော့ လူတွေက အတော်လေးကို စိုးရိမ်သွားကြတယ်” လို့ပြောပါတယ်။
စေတီပြင်ကျေးရွာမှာ စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တို့က စစ်ဘေးရှောင် ထောင်နဲ့ချီခိုလှုံနေကြပြီး ရသေ့တောင်မြို့နယ်မှာ စံပြကျေးရွာကြီးတခုလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေလအတွင်းကလည်း စေတီပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။











