
ကချင်ပြည်နယ်၊ ပူတာအိုမှာ PDF ၁၄ ယောက်အလင်းဝင်လာတယ်လို့ စစ်ကောင်စီကထုတ်ပြန်တာဟာ လုပ်ကြံဝါဒဖြန့်တာလို့ ဒေသခံတပ်တွေဆီက သိရပါတယ်။
အလင်းဝင်တဲ့ PDF ၁၄ ယောက်ကို အုပ်ထိန်းသူမိဘတွေကို ပြန်လည်အပ်နှံတယ်ဆိုပြီး ဇူလိုင် ၁၈ ရက်က စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖော်ပြတာတွေဟာ လုပ်ကြံဖန်တီးတာပဲဖြစ်တယ်လို့ ကချင်ပြည်နယ် (KPF) Kagabu People’s Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့ကနေ အလင်းဝင်သွားတာတော့ မရှိပါဘူး။ (တခြား) တော်လှန်ရေးအင်အားစုတွေမှာလည်း ဒီလို အလင်းဝင်သွားတာလည်း မရှိဘူး။ ကြားမိတာလဲမရှိဘူး။ ဒါကတော့ သက်သက်ဝါဒဖြန့်တဲ့ သဘောနဲ့ ဒီလိုလုပ်တာလို့ပဲ မြင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခမ်းအနားဓာတ်ပုံတွေနဲ့ ဖော်ပြနေပေမဲ့ ပူတာအိုမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီဆီက အလင်းဝင်ရောက်တာတွေ မရှိဘူးလို့ ပြောပြီး ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ KPDF တာဝန်ရှိသူတွေကနေတဆင့်လည်း KPDF တွေ အလင်းဝင်ရောက်တယ်ဆိုတာ မရှိဘူးလို့ KPF ပြန်ကြားရေးတာဝန်ခံကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်တဲ့အပိုင်းမှာ အကြီးအကျယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပူတာအိုဒေသမှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မြေပြင် အရာရှိတယောက်ကလည်း လက်ရှိအချိန်မှာ KPF/KPDF တပ်တွေကနေ ထွက်ပြေးတာ၊ အလင်းဝင်သွားတာတွေလည်း မရှိသလို စစ်တပ်ဘက်က ဝါဒဖြန့်နေတာပဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပူတာအိုမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်တဲ့နေရာတွေမှာ စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပြီးတော့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေကိုတော့ စစ်ကြောင်းထိုးလာတွေ မရှိသေးဘူးလို့ သိရပါတယ်။
ပူတာအိုအထွက် တန်ဂျာဘက်မှာ စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ကားလမ်းတွေလည်း ပြန်ဖွင့်နေပြီး ပုံမှန်သွားလာနေကြပြီလို့ သိရပါတယ်။










