DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်တွင် PDF စခန်းစီးနင်းခံရပြီး PDF ရဲဘော် ၄ ဦးကျဆုံး
DVB
·
July 19, 2025
ငါန်းဇွန်တွင် PDF စခန်းစီးနင်းခံရပြီး PDF ရဲဘော် ၄ ဦးကျဆုံး
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက PDF စခန်းတခုကို ဇူလိုင် ၁၅ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ တိုက်ခိုက်စီးနင်းခံရလို့ PDF ရဲဘော် ၄ ယောက် ကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

HERO DEFENCE FORCE (မြင်းခြံ) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ငါန်းဇွန်နယ်အနောက်ဘက်ခြမ်းက တောင်ရွာဘို့ရွာနဲ့ ဆပ်ပြာကျင်းရွာ ၂ ရွာကြားက PDF စခန်းငယ်တခု စီးနင်းခံလိုက်ရပြီးတော့ ရဲဘော် ၄ ယောက်ကျသွားတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ငါန်းဇွန်မြို့နယ်ထဲကို ဇူလိုင် ၈ ရက်နေ့ကနေစတင်ပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့လည်း ဆိုပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက် က “အဲဒီ PDF စခန်းက Local အဖွဲ့လို့တော့သိရတယ်။ ဘယ်အဖွဲ့ကစခန်းလဲဆိုတာတော့ မသိရသေးဘူး။ စစ်တပ်စစ်ကြောင်းက သူတို့စခန်းကိုဝင်စီးတဲ့အချိန် တိုက်ပွဲငယ်ဖြစ်ခဲ့သေးတဲ့။ တိုက်ပွဲထဲမှာ ၂ ယောက်ကျတယ်။ နောက်ထပ် ၂ ယောက်ကတော့ အရှင်အဖမ်းခံရပြီးတော့မှ ရက်ရက်စက်စက် သတ်သွားကြတယ်။ ရဲဘော်တချို့တော့လွတ်တယ်။ စခန်းလည်း ဖျက်ဆီးခံရပြီးတော့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတချို့လည်း အသိမ်းခံလိုက်ရတယ်လို့တော့ သိရတယ်။ စစ်ကြောင်းတွေကတော့ ဆက်ထိုးနေတုန်းပဲ။ တချို့နေရာတွေမှာ တိုက်ပွဲဖြစ်တာတွေရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က ငါန်းဇွန်နဲ့ မြင်းခြံမြို့နယ်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်ပျက်တဲ့အထိ တိုက်ခိုက်ခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်နေတာ​လို့ သူက ဆက်ပြောပါတယ်။

စီးနင်းခံရတဲ့ PDF စခန်းကနေ PDF ရဲဘော် အလောင်း ၂ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း စစ်ကောင်စီထောက်ခံ​သူတွေက တယ်လီဂရမ်ချယ်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖေါ်ပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013