
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ကို စစ်ကောင်စီတပ်က စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတွေ ဦးတည်တက်လာတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဗန်းမော်မြို့တွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားပြီး ထိုးစစ်ဆင်နေတယ်လို့ ကချင် ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဇူလိုင် ၁၇ ရက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဗန်းမော်မြို့ပေါ်က သိမ်တော်ကြီးဘုရားပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
KIA သတင်းရင်းမြစ်တယောက်က “အဓိကကတော့ စစ်သင်္ဘောတွေ တက်လာတော့ လှုပ်ရှားလာတဲ့သဘော ဟုတ်တယ်၊ မနေ့က သိမ်တော်ကြီးဝင်းဘက်ကို စစ်ကြောင်းထိုးလာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗန်းမော်မြို့ကို နေ့စဉ် လက်နက်ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်မှာလည်း ဝိုင်းမော်-လမြန် လမ်းပိုင်းကနေ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်နေလို့ ပစ်ခတ်ခံတွေ နေ့စဉ်ကြားနေရပြီး လက်နက်ကြီးသံတွေလည်း ကြားနေရတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“လမြန်ဘက်မှာ စစ်တပ်(စကစ)က အင်အားအများကြီး ရောက်နေတယ်၊ ကြားတယ်၊ နေ့တိုင်းလည်း ပစ်တဲ့သံတွေ ကြားနေရတယ်၊ သေနတ်သံကော၊ လက်နက်ကြီးသံတွေလည်း အမြဲကြားနေရတယ်။ ဒီ ချီဖွေလမ်းဘက်ကို ထိုးဖို့ဆိုပြီးလည်း ပြောနေကြတယ်။”
ဝိုင်းမော်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက စစ်အင်အားအများအပြား စုစည်းနေတာ အချိန်တလကျော် ကြာလာပြီးနောက် စစ်ရေးလှုပ်ရှားလာတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမြန်-ဝိုင်းမော်-မြစ်ကြီးနားလမ်း ပိတ်ထားရပါတယ်။










