DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ထိုးစစ်ကြောင့် ငပြီကျွန်းက ကျေးရွာ ၃ ရွာ မီးလောင်ပျက်စီး
DVB
·
October 10, 2026
ရခိုင်ကမ်းရိုးတန်းက စစ်သင်္ဘော ပုံဟောင်း (Photo : APM)
ရခိုင်ကမ်းရိုးတန်းက စစ်သင်္ဘော ပုံဟောင်း (Photo : APM)
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တော(ဝီရဌာနေ)မြို့နယ်က ငပြီကျွန်းကို စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နေပြီး ဗုံးကြဲတာနဲ့ လက်နက်ကြီးကြောင့် ကျွန်းပေါ်က ရွာ ၃ ရွာ မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ထိုးစစ်ဆင်နေတဲ့ ငပြီကျွန်းကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ အောက်တိုဘာ ၁၀ ရက်နေ့ထိ နေ့ရောညပါ ဗုံးကြဲနေတာကြောင့် ကျေးရွာထဲကို ဗုံးတွေကျရောက်ပေါက်ကွဲပြီး အိမ်တွေ မီးလောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ် တယောက် ပြောပါတယ်။

“ပထမနေ့ကပင် ဗုံးကြဲတာ၊ အလုံးကို ရေတွက်မရတော့ဘူး။ အဲဒီငပြီကျွန်းက ကျနော်တို့ ဘက်နဲ့ တဘက်တကမ်းဆိုတော့ မြင်ရတယ်။ တချို့အိမ်တွေဆို မီးလောင်နေတာကို ညဘက်ဆို မြင်ရတယ်။ ကြဲတာကတော့ အဲဒီကျွန်းတကျွန်းလုံးကို လာကြဲနေတယ်”

သရက်တောရွာမှာ အိမ်ခြေ ၃၀၀ ကျော်၊ ငပြီကျွန်းရွာမှာ ၁၀၀ လောက်နဲ့ အလယ်ရွာမှာ အိမ်ခြေ ၂၀ လောက်ရှိပြီး တချို့က မီးလောင်၊ တချို့က ပြိုကျလို့ စုစုပေါင်းရဲ့ လေးပုံတပုံလောက် အနည်းဆုံး ပျက်စီးနိုင်တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရွာအနားကို မသွားနိုင်တာကြောင့် ပျက်စီးတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ငပြီကျွန်းက သရက်တော၊ အလယ်ရွာနဲ့ ငပြီကျွန်းရွာတို့ကို စစ်တပ်က အဓိက ဗုံးကြဲနေပြီး ဆည် တာဘောင်တွေကိုလည်း ဗုံးကြဲတဲ့အပြင် စစ်သင်္ဘော၊ ဒရုန်းတို့နဲ့လည်း ပစ်ခတ်တိုက်ခိုက် နေတယ်လို့ ဆိုပါတယ်။

စစ်ရေးနဲ့ နီးစပ်သူ ဒေသခံ တယောက်က “၇ ရက်နေ့က ပထမတကြိမ်၊ ၉ ရက်နေ့က ဒုတိယတကြိမ်၊ ၂ ကြိမ် ထိုးစစ်ဆင်တယ်။ ကမ်းကိုတော့မကပ်နိုင်ပါ။ ဒီနေ့မနက်ကလည်း Y12 နဲ့ သရက်တော ကို ဗုံးကြဲသွားတယ်” လို့ ပြောပါတယ်။

ကမ်းတက်ထိုးစစ်ဆင်တာ မအောင်မြင်တဲ့ စစ်တပ်ဟာ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ငပြီကျွန်းပေါ်ကကျေးရွာတွေနဲ့ တာဘောင်တွေကိုပါ ဆက်တိုက် နေ့ရောညပါ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်မှာလည်း ရွှေမင်းဂံရေတပ်၊ ကျားမသောက် ကာကင်း၊ အမြင့်ကျွန်းကာကင်းတို့ကို AA က ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013