DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမြေပြိုနိုင်ဟု သတိပေး 
DVB
·
July 18, 2025
ထိုင်းတွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမြေပြိုနိုင်ဟု သတိပေး 
Donate to DVB

 

ထိုင်းနိုင်ငံ၊ ခရိုင်အတော်များများမှာ မနက်ဖန် ဇူလိုင် ၁၉ မှ ၂၄ ရက် အတောတွင်း မိုးပိုမိုရွာသွန်းကာ သည်းထန်နိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေနဲ့ မြေပြိုတာတွေ ဖြစ်နိုင်လို့ သတိထားဖို့  ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒက သတိပေးထုတ်ပြန်ထားပါတယ်။

မနက်ဖန်ကစပြီး ထိုင်းနိုင်ငံမှာ မိုးပိုမိုရွာသွန်းမယ်၊ မြန်မာနိုင်ငံအထက်ပိုင်းက မုတ်သုန်လေတွေ ထိုင်းနိုင်ငံအထက်ပိုင်းကို ဝင်ရောက်လာဖွယ်ရှိသလို ဝီဖာ အမည်ရှိမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းကို တိုက်ခတ်လာမယ်၊ အဲဒီနောက် ဗီယက်နမ်ကုန်းတွင်းပိုင်း ဝင်ရောက်ကာ‌ ရှေ့ပတ်ထဲမှာ မုန်တိုင်းအားပျော့သွားပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှာကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်ဖွယ်ရှိတယ်၊ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

ဒေသအလိုက် နေ့အပူချိန်နဲ့ မိုးရွာသွန်းမယ့်အခြေအနေတွေကတော့  မြောက်ပိုင်းမှာ နေ့အပူချိန် ၂၃ မှ ၃၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့ ၊ ဥဒရာဒစ်၊ တာ့ခ်နဲ့ ကမ်ဖိုင်ဖစ်ခရိုင်တို့ ဖြစ်ပါတယ်။

အရှေ့မြောက်ပိုင်း အီဆန်ဒေသမှာ  နေ့အပူချိန် ၂၃ မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ ချိုင်းယားဖုမ်း၊ ခွန်ကဲန်၊ နခွန်းရာ့ချ်ဆီမား ခရိုင်တွေဖြစ်ကြပါတယ်။ 

အလယ်ပိုင်းဒေသမှာ နေ့အပူချိန် ၂၃ မှ ၃၆ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၄၀  ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် ကန်ကျနပူရီ၊ ရာ့ချ်ပူရီနဲ့ နခွန်းပထုန်ဒေသတွေမှာ မိုးသည်းထန်မယ်။

အရှေ့ပိုင်းဒေသမှာ နေ့အပူချိန် ၂၄ မှ ၃၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် နခွန်းနာယုဒ်၊ ကျန်ထပူရီ၊ တရတ်၊ ချချိန်းဆောင်း ခရိုင်တွေဖြစ်ပြီး ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မှ ၂ မီတာထိ မြင့်တက်နိုင်တယ်။ 

တောင်ပိုင်းဒေသမှာ နေ့အပူချိန် ၁၉ မှ ၄၀ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၃၀ မှ ၄၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် ရနောင်း၊ ဖူးကက်၊ ဖစ်ချ်ပူရီ၊ ဖန်င ၊ ပကျုပ်ခီရီခန်၊  ချွန်းဖွန်းနဲ့ စူရတ်ဌာနီ ခရိုင်တွေဖြစ်တယ်၊ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မှ ၂ မီတာထိ မြင့်တက်မယ်လို့ ခန့်မှန်း ပါတယ်။

ဘန်ကောက်နဲ့ အနီးနားတဝိုက်ဒေသတွေမှာတော့ နေ့အပူချိန် ၂၄ မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒေသရဲ့ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အထူးသဖြင့် ညနေပိုင်းနဲ့ ညပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်နဲ့ နန့်ခရိုင်တွေမှာ မနေ့တနေ့ကတည်းက မိုးသည်းထန်လို့ ရေကြီးနေပြီး ရပ်ရွာ တချို့ထဲကို ရေတွေဝင်ရောက်ခဲ့ပါတယ်၊ ထိုင်းမြောက်ပိုင်းမှာ အဓိကစီးဆင်းနေတဲ့ ပင်းမြစ် ရေဟာ စိုးရိမ်ရေမှတ်အနီးရောက်လာလို့ ကမ်းနားတလျှောက်နေပြည်သူတွေ ယာဉ်နဲ့ ပစ္စည်းတွေ၊ လူနာ၊ လူအိုနဲ့ ကလေးတွေ ကြိုတင်ရွှေ့ပြောင်းဖို့  တယ်လီဖုံးအော်ပရေတာကနေ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

ဒီကနေ့ ဇူလိုင် ၁၈ မနက်မှာတော့ မယ့်ပင့်မြစ်ရေ ပြန်ကျနေပေမဲ့ ပေါ့လျော့လို့မရသေးကြောင်း၊ အထူးသဖြင့် ချင်းဒေါင်း၊ မယ့်လိမ်း၊ မယ့်တိုင်၊ အုမ်းကွယ်စတဲ့ မြို့နယ်က တောတောင်နဲ့ရော မြစ်ချောင်းနားက ပြည်သူတွေ ရုတ်တရက် ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေကျတာတွေ သတိထားဖို့  ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

Source : TNN Earth / DDPM News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013