DVB Logo
Home
မြန်မာသတင်း
မလှိုင်တွင် ဇွန်လအတွင်း အမျိုးသား ၁၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ
DVB
·
July 18, 2025
မလှိုင်တွင် ဇွန်လအတွင်း အမျိုးသား ၁၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ ဇွန် ၁၀ ရက်ကစပြီး ဇွန် ၁၃ ရက်အတွင်း အမျိုးသား အယောက် ၁၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ မိတ္ထီလာက စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံထားရတယ်လို့ သိရပါတယ်။

မလှိုင်မြို့မှာ ဇွန် ၁၀ ရက်က စတင်ကာ မြို့အဝင်အထွက် လမ်းကြောင်းတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ အရပ်ဝတ်တွေ ပိတ်ဆို့ပြီး စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလို  ဖမ်းဆီးရာမှာ မလှိုင်ကနေ မိတ္ထီလာသွားတဲ့လမ်း၊ ကျောက်တန်းဘက် ထွက်တဲ့လမ်း၊ အရှေ့ အနောက် တောင် မြောက် စတဲ့ လေးဘက်လေတန် ထွက်ပေါက်တွေ အကုန်ပိတ်ဆို့ကာ အယောက် ၁၀၀ ကျော် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

မလှိုင်ဒေသခံတယောက်က “ပထမဆုံး စဆွဲတုန်းက မလှိုင်က ဘုန်းကြီးကျောင်းမှာ တဝက်ထားတယ်။ ပြီးတော့ မြို့နယ် ထွေအုပ်ရုံးမှာ တဝက်ထားတယ်။ အယောက် ၁၀၀ ဝန်းကျင်လောက် ပါသွားတယ် ကြားတယ်။ အဲဒါပြီးတော့ ပေါ်တာဆွဲတာ သိသိချင်းမှာပဲ မိသားစုတွေက လိုက်ပြီး ထွေအုပ်ရုံးတို့မှာ သွားတွေ့တော့ အတွေ့မခံဘူး။ ဒီတညပဲ မနက်ဖြန် မနက်ကျရင် ပြန်လွှတ်မှာပါဆိုပြီး လာတွေ့တဲ့သူ အားလုံးကို ပြန်လွှတ်လိုက်ပါတယ်။ အားလုံး ပြန်လာပြီး နောက်တနေ့မနက် သွားကြည့်တော့ မရှိတော့ဘူး။ ညတွင်းချင်း မီးဖြတ်ပြီး မိတ္ထီလာကို တန်းပို့တယ်။ လမ်းမှာတော့ နှစ်ယောက်ထွက်ပြေးပြီး လွတ်သွားတယ်။ မနေ့ကဆို အိမ်နားကောင်လေးရဲ့ အမေက သူ သိန်း ၇၀ နဲ့ လာရွေးပါ ပြောလို့ သွားရွေးသေးတယ်။ ရွေးတဲ့အချိန်မှာ မလှိုင်မှာရှိတဲ့ စစ်ကောင်စီ လူကြီးလက်မှတ် မပါလို့ဆိုပြီး ပြန်ခေါ်လာလို့ မရဘူး။ အသက်က ၁၈ ဝန်းကျင်ကနေ အစားစား အကုန်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ မိတ္ထီလာကို ပို့လိုက်တယ်လို့သာ သိရပြီး ဘယ်စစ်သင်တန်းကျောင်းကို ပို့လိုက်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေကြောင့် ဇွန် ၁၃ ရက်က စတင်ကာ မလှိုင်မြို့ပေါ် လမ်းတွေနဲ့ မြို့ထဲမှာ အသွားအလာ ကြဲသွားတယ်လို့ သိရပါတယ်။

မလှိုင်ဒေသခံ အမျိုးသမီးတယောက်က “ဒီတခေါက်က လူများတော့ အုံးအုံးကျက်ကျက်တော့ ဖြစ်သွားတယ်။ ကျမအမျိုးသားဆိုလည်း အလုပ်မှာရောက်နေလို့ ကံကောင်းသွားတယ် ပြောရမယ်။ အခုတော့ လန့်နေကြတာ။ ယောကျ်ားလေးဆိုရင်ကို စိုးရိမ်ရလို့ မြို့ထဲမထွက်ခိုင်းတော့ဘူး။ ခုကတော့ စစ်မှုထမ်းဖို့ သေချာသလောက် ဖြစ်သွားပြီ ပြောတယ်။ ဆံပင်ညှပ်တာတို့၊ သွေးစစ်တာတို့ပါ လုပ်ပြီးပြီဆိုတော့ ဘာမှ ထပ်လုပ်လို့ မရတော့ဘူး။ ပိုက်ဆံလိုက်နိုင်တဲ့သူက တခြား သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေသူတွေလည်း ရှိနိုင်တယ်။ ပါသွားပြီးကတည်းက ထပ်ပြီးတော့ ဘာသတင်းမှ မသိရတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိလည်း မလှိုင်မြို့ အဝင်အထွက် လမ်းဆုံလမ်းခွ ဂိတ်တွေမှာ စစ်ကောင်စီ တပ်သားတွေ နေရာချကာ မကြာခဏဆိုသလို စစ်ဆေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ အရပ်သား ပြည်သူ စုစုပေါင်း အယောက် ၂,၈၀၀ ကျော်ရှိကြောင်း Spring Revolution Database က ဇွန် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013