
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ တလနီးပါးကြာ ဝင်ရောက်ခဲ့တဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ပြည်သူ ၅ ယောက်ထက်မနည်းကို သတ်ဖြတ်ပြီး လူနေအိမ် ၅၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “မလှိုင်နယ်မြောက်ခြမ်းက ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကစလို့ ပန်းအိုင်ဘုရားကြီးကနေ အင်အား ၃၀၀ နီးပါးလောက်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက သူတို့ စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေက ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးတာတွေ၊ မီးရှို့တာတွေ လုပ်ခဲ့လို့ လူနေအိမ် ၅၀ နီးပါးလောက် ပျက်စီးခဲ့တယ်။ ဒရုန်းနဲ့ ဗုံးကြဲလို့လည်း သဘွတ်ကုန်းရွာက မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ပြီး လူနေအိမ်တွေ ပျက်စီးသွားခဲ့သေးတယ်။ ဓားစာခံလုပ်ပြီး လမ်းပြခေါ်သွားတဲ့ ကားရွာ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်ဗျ။ စစ်ကြောင်းထိုးတဲ့တလျှောက်က ရွာပေါင်း ၄၀ နီးလောက်က ပြည်သူတွေကတော့ အဲဒီတုန်းက ထွက်ပြေးခဲ့ကြရတာပေါ့။ အခုတော့ စစ်ကြောင်းလည်း ပြန်ထွက်သွားပြီဆိုတော့ တချို့တွေလည်း သူတို့ရွာတွေကို ပြန်ဝင်နေကြပါပြီ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက် သယ်ဆောင်ခဲ့ကြသလို စစ်တပ်လက်အောက်ခံတွေ မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် အိုင်မရိုးကျေးရွာက လူနေအိမ် ၃ လုံး၊ ကားကျေးရွာက လူနေအိမ် ၇ လုံး၊ ရွာတန်းရှည်ကျေးရွာက လူနေအိမ်နဲ့ စျေးဆိုင် ၄ လုံး၊ နှောကန်ကျေးရွာက လူနေအိမ် ၈ လုံး၊ အိမ်ကြီးတောကျေးရွာက လူနေအိမ် ၆ လုံးနဲ့ ဉာဏ်ကန်ကျေးရွာက လူနေအိမ် ၁၀ လုံးတို့ အပါအဝင် လူနေအိမ် ၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မလှိုင်မြို့နယ်ထဲကို တလနီးပါးကြား ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၃ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဖိုးတေက “အင်အား ၃၀၀ လောက်ပါတဲ့ ရန်သူစစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ခဲ့လို့ သူတို့ဘက်က အထိနာပြီး အသေအပျောက်များခဲ့တော့ သူတို့ဘက်က အင်အားထပ်ဖြည့်တာ ၆၀၀ လောက်အထိ ဖြစ်သွားပြီး ရှေ့ဆက်ထွက်လာတော့ ၁၄ ရက်နေ့ကျတော့ ဉာဏ်ကန်ရွာနားမှာ တိုက်ပွဲ ထပ်ဖြစ်တယ်။ အခုလ ၂ ရက်နေ့ အိမ်ကြီးတောကျေးရွာဘက်မှာဖြစ်တဲ့ တိုက်ပွဲကတော့ သူတို့ဘက်က အထိနာပြီး စစ်ကြောင်းပျက်တဲ့အထိကို ဖြစ်သွားခဲ့တာ။ ၄ ရက်နေ့ကျတော့ စစ်ကြောင်းတကြောင်းလုံးနီးပါး ပြန်ဆုတ်သွားပေမဲ့ ပန်းအိုင်ဘုရားကြီးထဲမှာတော့ လက်ကျန်အင်အား အနည်းငယ် ချန်ထားခဲ့သေးတယ်” လို့ ပြောပါတယ်။
ပြန်ဆုတ်သွားကြတဲ့ စစ်တပ်လက်အောက်ခံတွေဟာ တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ပျက်စီးသွားတဲ့ မော်တော်ယာဥ်ကို အိမ်ကြီးတောကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှာ မီးရှို့ထားခဲ့ကြပြီး ဇူလိုင် ၆ ရက် ညပိုင်းမှာတော့ မလှိုင်မြို့ကနေတဆင့် မိတ္ထီလာဘက်ကို ပြန်လည်ထွက်ခွာသွားပြီလို့လည်း သူက ဆက်ပြောပါတယ်။
မလှိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းတွေထဲက အမှတ် ၈ ရဲတပ်ရင်းက ဒုတိယရဲမှူးကြီး ဇော်လင်းထိန် ဦးဆောင်တဲ့ စစ်ကြောင်းကို အိမ်ကြီးတောကျေးရွာအနီးမှာ ဇူလိုင် ၂ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ၄၀ နီးပါးရှိခဲ့ပြီး စစ်တပ်လက်အောက်ခံ ၁၀ ယောက် လက်နက်ချ အညံ့ခံခဲ့ကြသလို စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ အလက် ၂၀၊ ခဲယမ်းတွေနဲ့အတူ ဒရုန်းပစ္စည်းတွေနဲ့ မော်တော်ယာဥ် ၃ စီးတို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်း ရရှိခဲ့ပါတယ်။










