
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို သြဂုတ် ၁၇ ရက်ကစ ၃ ရက်ကြာဝင်ရောက်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြသလို လက်နက်ကြီး ပစ်ခတ်တာ တွေနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းဆောင် အပါအဝင် လူနေအိမ် ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မလှိုင်မြို့နယ် လူထုသတင်းကွန်ရက်ရဲ့ တာဝန်ခံတယောက်က “အဲ့ဒီစစ်ကြောင်းက ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်တဝိုက်ကို စစ်ကြောင်းထိုးပြီး တောင်သာနယ် စွန်းလွန်းရွာကနေ မလှိုင်နယ်ထဲက ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျားရွာတွေဘက်ကို အခု သြဂုတ် ၁၇ ရက်နေ့၊ မနက်ပိုင်းကနေ စစ်ကြောင်းထိုးဝင်လာခဲ့တာပါ။ စစ်ကြောင်းထိုးခဲ့တဲ့လမ်းတလျှောက် ပုပ္ပါးနယ်၊ တောင်သာနယ်ထဲကရွာတွေကိုလည်း မီးရှို့ဖျက်ဆီးကြပြီးတော့ ပြည်သူပိုင် ကား၊ ထွန်စက်၊ ဆိုင်ကယ်၊ ရွှေ၊ ငွေ၊ နှမ်းအိတ်၊ ဆန်အိတ်တွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း ရွာစဥ်လှည့်ပြီး ဥပဒေမဲ့ ခိုးယူဖျက်ဆီးခဲ့တယ်။ ကျနော်တို့ မလှိုင်နယ်ထဲဝင်လာတော့လည်း ရွာချင်းဆက်နေတဲ့ တောင်ရိုးတဲ၊ လယ်ဗျား၊ ဖိုးကြွယ်ရွာက ထွက်ပြေးစစ်ရှောင်ကြလို့ ပိတ်ထားခဲ့တဲ့အိမ်တွေကို တံခါးတွေရိုက်ဖျက်ပြီး ပစ္စည်းတွေ ဝင်ခိုးသွားကြတယ်။ အိပ်ရာထဲက မထနိုင်တဲ့ ပြည်သူတွေဆီက နေလည်း ပစ္စည်းမပေးရင် သတ်ပစ်မယ်ခြိမ်းခြောက်ပြီး ပစ္စည်းတွေ ဓားပြတိုက်သွားကြသေးတာ။ မီးရှို့သွားကြလို့လည်း အိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သေးတယ်” လို့ DVB ကို ပြောပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၁၈ ရက်နေ့မှာတော့ ရေပေါ်ကျေးရွာနဲ့ မိတ်ကုန်းကျေးရွာတွေ ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး မိတ်ကုန်းကျေးရွာမှာအထိုင်ချကာ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာ ကြောင့် မိတ်ကုန်းကျေးရွာက လူနေအိမ် ၂ လုံး ပျက်စီးခဲ့သလို ပြည်သူပိုင် ဆိတ်၊ ဝက်၊ နွားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ရသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်တန်းကျေးရွာ အလယ်ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဘုရား ၁ ဆူ ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
သြဂုတ် ၁၉ ရက် မနက်မှာလည်း မိတ်ကုန်းကျေးရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြည်သူပိုင်ဖောကား ၁ စီးကိုလည်း ခိုးယူသွားကြသလို ကျောက်တန်းကျေးရွက နေအိမ် အလုံး ၂၀ ကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးသလို မုံပင်ရွာထဲကိုလည်း ဒရုန်းနဲ့ဗုံးကြဲပြီး မီးရှို့ သွားတာကြောင့် နေအိမ် ၂ လုံးနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင် ပကဖ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “မလှိုင်နယ်ထဲကို သူတို့စဝင်လာတော့ အင်အား ၁၀၀ ကျော်လောက်ပါလာတယ်။ တိုက်ပွဲတွေထဲမှာ အထိနာပြီးတော့ ကျောက်တန်းရွာမှာ အင်အား ၁၀၀ လောက်ထပ်ဖြည့်ပြီး ရွာတွေကို စစ်ကြောင်းဆက်မထိုးရဲတော့ဘဲ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ မလှိုင်မြို့ပေါ်တက်သွားကြတယ်။ မလှိုင်မြို့နယ်က ထွေအုပ်ရုံး၊ လေသာ ဘုန်းကြီးကျောင်းနဲ့ ရတနာဦးဘုန်းကြီးကျောင်းတွေမှာ အဖွဲ့တွေခွဲပြီး တပ်စွဲနေရင်း မြို့ပေါ်မှာ ထင်တိုင်းကြဲသွားကြသေးတာ” လို့ ပြောပါတယ်။
သြဂုတ် ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါ စစ်တပ်ဟာ ၁၂ ဘီးကားကြီးတွေအပါအဝင် မော်တော်ယာဥ် ၁၂ စီးနဲ့ ခိုးရာပါပစ္စည်းတွေတင်ဆောင်ပြီး မိတ္ထိလာမြို့ဘက်ကို ဆက်လက် ထွက်ခွာ သွားကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း မလှိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက် သေဆုံးကာ စစ်သားတချို့လက်နက်ချအညံ့ခံခဲ့ကြပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မလှိုင်မြို့နယ်ထဲကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေတာအပြင် သြဂုတ် ၂၆ ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကြောင်းရှိနေသေးတာကြောင့် မလှိုင်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။











