DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေ ကြီးနိုင်သဖြင့် ဘားအံမြို့တွင် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်
DVB
·
July 17, 2025
သံလွင်မြစ်ရေ ကြီးနိုင်သဖြင့် ဘားအံမြို့တွင် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေ မြင့်တက်ပြီး ရေကြီးလာရင် မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ဆင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ဇူလိုင် ၁၇ ရက် မနက် ၆ နာရီအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၆၆၆ စင်တီမီတာကို ရောက်ရှိနေပါတယ်။

မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ အပြင် ကယ်ဆယ်ရေးစခန်း ၉ ခု ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “ဒီနှစ်အခြေအနေက မိုးနည်းတော့ အခုအချိန်အထိတော့ ရေမကြီးသေးဘူး။ ခါတိုင်းဆိုရင် လမ်းမပေါ်တွေအထိ ရေတွေကြီးတော့ ဆိုင်ကယ်တွေ၊ ကားတွေကအစ အလုပ်သွားရတာ အခက်အခဲဖြစ်တယ်။ ရေကြီးလာရင် အိမ်တွေမှာနေဖို့ အဆင်မပြေဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြရတယ်။ အခုက နှစ်တိုင်းလိုလို ရေကကြီးနေတာ။ အခုဆို ပိုဆိုးတယ်။ စစ်ဘေးရှောင်တွေကော ပိုပြီးတော့ အဆင်မပြေဘူး။ နေစရာက အစ၊ ပိုပြီးဆိုးတာပေါ့။ စစ်ဘေးရှောင်တွေကော ရေဘေးရှောင်တွေကောဆိုတော့ လူတွေက အဆင်မပြေဘူးလေ။ စစ်ရှောင်တွေပါ အခက်အခဲ ကြုံတွေ့ရတာပေါ့” လို့ ပြောပါတယ်။

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၇၊ အမှတ် ၈၊ အမှတ် ၉ ရပ်ကွက်တွေကို သံလွင်မြစ်ရေနဲ့ ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က လိုက်လံသတိပေးတာတွေ လုပ်ဆောင်နေတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က “ပြီးခဲ့တဲ့နှစ်က မိုးတအားကြီးတယ် တအားများတယ်။ ဒီနှစ်က ပြီးခဲ့တဲ့နှစ်လောက် မများသေးဘူး။ သံလွင်မြစ်ရေက အပေါ်က မဆင်းလာဘူး။ မိုးကလည်း များတယ်။ သံလွင်မြစ်ရေက အပေါ်ကနေ ဆင်းလာတာများရင် ဘားအံက ကျိန်းသေတယ် မြုပ်တာ။  မိုးက တချက်တချက်ပဲ ကြီးတယ်။ သံလွင်မြစ်ရေက ပုံမှန်အနေအထား သွားနေတယ်။ ရေဘေးအတွက်ကတော့ မီးသတ်ကော၊ ရဲကော သက်ဆိုင်ရာဌာနတွေတော့ အရန်သင့် လုပ်ထားတယ်။ မီးသတ်ကလည်း အနိမ့်ပိုင်းရပ်ကွက်တွေကို လော်နဲ့ လိုက်အော်တယ်။ သူတို့လိုက်ပြီး သတင်းဖြန့်ပေးတယ်။ စိုးရိမ်ရေအမှတ်က ၇၅၀။ ဟိုတနေ့က ၇၄၀ အထိ ရောက်သွားတယ်။ အခုက ပြန်ကျတယ်။ နောက်လတော့ သတိထားရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၄ ရက်က သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပါတယ်။

ရေကြီးမှုကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ပြီး လူဦးရေ ၉,၀၀၀ ကျော်ဟာ   ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013