
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချ ကာကင်းစခန်းကို ကသာခရိုင် အမှတ် ၄ တပ်ရင်းက ဇူလိုင် ၁၄ ရက်မှာ ဝင်ရောက် တိုက်ခိုက်ပြီးနောက် SNA က အင်အားပြန်ဖြည့် စစ်ရေးပြင်ဆင်နေပါတယ်။
SNA ဘက်က စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် လူအင်အားဖြည့်တင်းနေပြီး ခံစစ်ပြင်ဆင်နေတဲ့ အနေအထားရှိတယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်း (K-4) တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“လောလောဆယ်ကတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ လူစုတာ၊ ဘာညာတော့ လုပ်နေတာ ရှိတယ်။ လူအင်အား ထပ်ဖြည့်ပြီးတော့ ပြန်ကာမယ့် အနေအထားတွေ ရှိတယ်။”
SNA စခန်းကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘဲ အခုလို သွားရောက်တိုက်ခိုက်တာဟာ နယ်မြေချဲ့ထွင်ထားတဲ့ ကာကင်းကုန်းကို သွားရောက်တိုက်ခိုက်တာလို့ သိရပါတယ်။
SNA စခန်းကုန်းဟာ အင်အားအများအပြားထိုင်ထားတဲ့ စခန်းကုန်းမဟုတ်ဘဲ အင်အား ၂၀ လောက်သာရှိတဲ့ စခန်းကုန်းဖြစ်ပါတယ်။
K-4 ရဲ့ စခန်းကုန်း တိုက်ပွဲအတွင်း SNA ဘက်က ၃ ယောက် သေဆုံးခဲ့ပြီးတော့ G-3 သေနတ် ၃ လက် သိမ်းပိုက်ရရှိထားပြီး ကသာခရိုင် အမှတ် ၄ တပ်ရင်းက တပ်သားတယောက် ကျဆုံးခဲ့ ပါတယ်။
ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး မိုးညှင်း-အင်းတော်ကြီး လမ်းဘက်ကနေ ဖားကန့်ဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေသလို ဖားကန့်ကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေမှာလည်း SNA တပ်သားတွေ အများအပြား ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။











