DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ကသာထွက်ကုန်များကို မြစ်ကြီးနားသို့ အဓိကတင်ပို့ရောင်းချနေရ
DVB
·
July 17, 2025
တိုက်ပွဲများကြောင့် ကသာထွက်ကုန်များကို မြစ်ကြီးနားသို့ အဓိကတင်ပို့ရောင်းချနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေကြောင့်နဲ့ ငလျင်ဒဏ်သင့် မန္တလေးမှာလည်း ကုန်သိုလှောင်စရာ ဂိုထောင်တွေ ခက်ခဲနေတာကြောင့် ကသာထွက်ကုန်ပစ္စည်းတွေကို မြစ်ကြီးနားဆီ အဓိကတင်ပို့ရောင်းချနေကြရတယ်လို့ ကသာမြို့ ဒေသခံတွေဆီက သိရပါတယ်။

ကသာမြို့ထွက် ပဲ၊ နှမ်းတွေကို အရင်က မူဆယ်နဲ့ မန္တလေးကို တင်ပို့ရောင်းချနေကြတာ ဖြစ်ပေမဲ့ ဖြတ်သန်းရာ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းခရီးကြန့်ကြာတာတွေ၊ ကားတင်ပို့စရိတ် ဈေးကြီးတာတွေနဲ့ ကုန်ပစ္စည်းသိုလှောင်နေရာ ခက်ခဲတာတွေကြောင့် မူဆယ်ကို မပို့တော့ဘဲ မန္တလေးနဲ့ မြစ်ကြီးနားဘက်ကို အများဆုံး တင်ပို့လာကြတာလို့ ဆိုပါတယ်။

ကသာမြို့က ကုန်သည်တယောက်က “ကသာမြို့မှာ ပြောင်း၊ ကြံ၊ ရေထွက်ပစ္စည်း၊ ပဲမျိုးစုံနဲ့ လယ်ယာထွက်သီးနှံမျိုးစုံ ထွက်ရှိတာဖြစ်ပြီး လမ်းခရီးကြန့်ကြာတာတွေ ဈေးနှုန်းမတည်ငြိမ်တာတွေ အပြင် မန္တလေးမှာ ငလျင်ဒဏ်ကြောင့် ကုန်ပစ္စည်းသိုလှောင်ဖို့ ခက်ခဲနေတာကြောင့် မြစ်ကြီးနားကိုပဲ အဓိကတင်ပို့နေကြတာ” လို့ ပြောပါတယ်။

ကသာမြို့ကနေ မန္တလေး၊ မြစ်ကြီးနားကို အရင်က အလွယ်တကူ သွားလာနိုင်ပေမဲ့ အခု လမ်းမှာ ၅ ရက်လောက်အိပ်ပြီး သွားလာနေရတဲ့အပြင် ရထားလမ်းကိုလည်း စစ်ကောင်စီဘက်က ပိတ်လိုက်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာလို့ ဆိုပါတယ်။

ကသာဒေသခံတယောက်က “ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က ကသာမြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီးနောက် ကသာမြို့မှာရှိတဲ့ အမှတ် ၃၀၉ ခြေမြန်တပ်ရင်းကနေ မြို့ထွက်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ပစ်ခတ်နေလို့ ညတိုင်းနီးပါး လက်နက်ကြီးသံတွေ ကြားနေရတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသထွက်ကုန်တွေ တင်ပို့ရောင်းချနိုင်ဖို့ လမ်းခရီးကြန့်ကြာတာ၊ အခြေခံစားသောက်ကုန်တွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ဆေးဝါးတွေလည်း ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ပစ္စည်းပြတ်လပ်တာတွေပါ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကသာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာဟာ ၅ လကျော် ကြာပြီဖြစ်ပြီး အင်တာနက်လိုင်းတွေ မရတာလည်း တနှစ်ကျော်ကြာပြီလို့ သိရပါတယ်။

မြို့ထွက်က စစ်ကောင်စီဂိတ်တွေမှာ ဖုန်းစစ်ဆေးတာတွေ ရှိနေပြီး မြို့တွင်းမှာလည်း အထပ်မြင့်‌နေရာတွေ၊ ဘုန်းကြီး‌ကျောင်းတွေမှာ လှည့်ပတ်တပ်စွဲနေတာ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ကသာမြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတချို့ဟာ မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးတွေဆီ ပစ္စည်းတွေ ပြောင်းရွှေ့ထားကြတာကလွဲလို့ ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေ ပုံမှန်ဖွင့်ထားတယ်လို့ သိရပါတယ်။

ကသာမြို့ဟာ တောင်ဘက်မှာ မန္တလေးနဲ့ မြောက်ဘက်မှာ ကချင်ပြည်နယ်တို့နဲ့ ထိစပ်နေပြီး ဧရာဝတီမြစ်ကမ်းဘေးရှိတဲ့မြို့ဖြစ်ကာ ကျေးရွာပေါင်း ၁၄၃ ရွာနဲ့ ရပ်ကွက် ၁၁ ခုရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013