DVB Logo
Home
မြန်မာသတင်း
ဓနုဖြူမှ အဓမ္မဖမ်းဆီးခံရသည့် လူငယ် ၁၀၀ ကျော် ကွင်းကောက် စစ်သင်တန်းကျောင်းပို့ခံရ
DVB
·
July 17, 2025
ဓနုဖြူမှ အဓမ္မဖမ်းဆီးခံရသည့် လူငယ် ၁၀၀ ကျော် ကွင်းကောက် စစ်သင်တန်းကျောင်းပို့ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်အခြေစိုက် တပ်ရင်းမှာ အဓမ္မဖမ်းဆီး စုဆောင်းထားတဲ့ စစ်မှုထမ်း လူငယ် အယောက် ၁၀၀ ကျော်ကို ကျော်အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ စစ်သင်တန်းကျောင်းကို ပို့ခဲ့တယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဓနုဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀၈ မှာစုဆောင်းထားတဲ့ စစ်မှုထမ်းအယောက် ၁၀၀ ကျော်ကို စစ်ကောင်စီက စစ်သုံး FAW ကား ၈ စီးနဲ့ ဇူလိုင် ၁၁ ရက်က အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့စစ်လေ့ကျင့်ရေးသင်တန်းကျောင်း တတက ၅ ကိုပို့လိုက်တာလို့ ဆိုပါတယ်။

ဓနုဖြူ အခြေစိုက် တပ်ရင်းနဲ့ နီးစပ်သူက “ကား ၁ စီးကို လုံခြုံရေး အရာရှိ ၃ ယောက် အနည်းဆုံး လိုက်ပါပြီး သင်တန်းကျောင်းကို ပို့ခဲ့တာ။ ကွင်းကောက် သင်တန်းကျောင်းပါ။ လူအရွယ်စုံပါပဲ။ နယ်အစုံကပါ။ ကိုယ့်ဆန္ဒနဲ့ လိုက်တဲ့သူ မရှိတော့ ထွက်ပြေးမှာစိုးတာကြောင့် လုံခြုံရေးတွေမနည်းနဲ့ ပို့နေတာ” လို့ ပြောပါတယ်။

ကွင်းကောက် တတက ၅ စစ်သင်တန်းကျောင်းကို အပို့ခံရတဲ့ စစ်မှုထမ်း အရပ်သားတွေဟာ စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် အဓမ္မစုဆောင်းခဲ့တာဖြစ်ပြီး တွဲ့တေး၊ ကော့မှူးကွမ်းခြံကုန်း၊ ဒလ၊ ရန်ကုန်မြို့ပေါ်အပြင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက လူငယ်တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဓနုဖြူဒေသခံ ကားသမားတယောက်က  “လိုက်ပို့တဲ့ စစ်ကားတွေက အမိုးတွေ အုပ်ထားပေမဲ့ ကားတွေထဲက လူငယ်တွေကို စစ်သီချင်းတွေ ဆိုခိုင်းပြီး လိုက်ပို့ပေးတာ။ သေနတ်တွေကိုင်ထားတဲ့ စစ်သားတွေက မျက်နှာတွေကို စစ်ရောင်ပြောက်ကျား Mask တွေ တပ်ထားတာ။ စစ်ကားဆို ကြောက်တော့ ရှောင်ကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်း သင်တန်းကျောင်းတွေကပါ ထွက်ပြေးတဲ့သူ၊ အဆုံးစီရင်သူတွေ ရှိလာတာကြောင့် ပျော်ရွှင်စေဖို့ ကာရာအိုကေ ဆိုစေတာ၊ အရက်တွေ၊ ဘီယာတွေ ရောင်းချပြီး ဖန်တီးပေးလာတဲ့အပြင် နယ်ခံသင်တန်းကျောင်းတွေမှာ နယ်ခံစစ်မှုထမ်းလူငယ်တွေကို မထားဘဲ တခြားဒေသက စစ်မှုထမ်းလူငယ်တွေနဲ့ လဲလှယ်ပြီး သင်တန်းကျောင်းပို့တဲ့စနစ်ပါ စတင်လုပ်ဆောင်လာတယ်လို့ တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ MRTV အပါအဝင် ဝါဒဖြန့် မီဒီယာချို့နဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မိမိဆန္ဒအလျောက် စာရင်းသွင်းတဲ့ လူငယ်တွေကို စစ်မှုထမ်း စစ်သင်တန်း ပေးနေတာလို့ စစ်မှုထမ်းသင်တန်း အပတ်စဉ်တိုင်း ကြေညာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013