
ရန်ကုန်မှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းအပတ်စဥ် ၂၇ အတွက် ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက စစ်သင်တန်း ၄ ကျောင်းဆီကို ပို့ဆောင်နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သြဂုတ် ၁ ရက်က စလို့ သန်လျင်တပ်နယ်၊ ဒလတပ်နယ်၊ မင်္ဂလာဒုံတပ်နယ်၊ မှော်ဘီတပ်နယ်နဲ့ လှည်းကူးတပ်နယ်တို့က ဖမ်းဆီးစုဆောင်းထားတဲ့ လူငယ်တွေကို စစ်သင်တန်းကျောင်းကိုပို့တာလို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ရန်ကုန်မှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့သူတွေကို ဇူလိုင်လကုန်ကတည်းက စစ်တပ်က သင်တန်းကျောင်းတွေပို့နေတာ။ အုတ်တွင်းနဲ့ပုသိမ်က သင်တန်းကျောင်းကို ဇူလိုင်လ ၃၁ ရက်ပို့တယ်။ တိုက်ကြီးနဲ့ လှည်းကူးက သင်တန်းကျောင်းကို မနေ့က ပို့တယ်” လို့ ပြောပါတယ်။
အမှတ် ၆ စစ်အခြေခံလေကျင့်ရေးတပ် (ပုသိမ်)၊ အမှတ် ၆ တန်းမြင့်သင်တန်းကျောင်း (အုတ်တွင်း)၊ အမှတ် ၁ စစ်အခြေခံလေကျင့်ရေးတပ် (လှည်းကူး)နဲ့ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်း (တိုက်ကြီး)တို့ဆီကို ပို့ဆောင်ခဲ့တာလို့ သူကပြောပါတယ်။
စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်မှုထမ်းဥပဒေကို မိမိတို့အာဏာတည်မြဲသရွေ့ ကျင့်သုံးသွားရင် နိုင်ငံအတွင်း လူသားအရင်းအမြစ်ဆုံးရှုံးသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်ထဲကို လူတယောက်ဝင်ဖို့ အရာရှိတွေတောင် မနည်းစည်းရုံးနေရချိန် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာက စစ်တပ်အတွက် သားရွှေအိုးထမ်းလာသလိုပဲ။ ပြည်သူတွေအတွက်တော့ မပဋာမြေလူးပေါ့။ ဥပဒေအရရော၊ ဥပဒေမဲ့ရော လူငယ်တွေကို ဖမ်းပြီးစစ်ထဲထည့်လို့ရနေတော့ စစ်မှုထမ်းဥပဒေကို ရုပ်သိမ်းမှာမဟုတ်ဘူး။ သူတို့အာဏာရှိတဲ့အထိသာ ဒီဥပဒေကိုကျင့်သုံးသွားရင် လူငယ်တွေဘဝ လမ်းစပျောက်ပြီ” လို့ သုံးသပ်ပြောဆိုပါတယ်။
ပေါ်တာဆွဲဖမ်းဆီး ငွေကြေးတောင်းခံတဲ့ကိစ္စတွေကို လွှတ်တော်မှာ ကိုယ်စားလှယ်တချို့က တင်ပြပြောဆိုကြပေမဲ့ စစ်ဗိုလ်ချုပ်တွေက ပြန်လည်ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် စစ်မှုထမ်းအပတ်စဥ် ၂၄ ကို သင်တန်းဆင်းခဲ့ပြီး လက်ရှိမှာတော့ အပတ်စဥ် ၂၆ ကို စတင်နေပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသက်သွင်းပြီးနောက် မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကိုစတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။










