DVB Logo
Home
မြန်မာသတင်း
ဘတ် ၂ သန်းခွဲ ဆုငွေထုတ်ခံထားရသူ ထိုင်းမူးယစ်တရားခံ ၂ ဦး တာချီလိတ်တွင် ဖမ်းမိ 
DVB
·
July 17, 2025
ဘတ် ၂ သန်းခွဲ ဆုငွေထုတ်ခံထားရသူ ထိုင်းမူးယစ်တရားခံ ၂ ဦး တာချီလိတ်တွင် ဖမ်းမိ 
Donate to DVB

 

ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က ဆုငွေ ဘတ် ၂ သန်းခွဲနဲ့ အလိုရှိကြောင်း ထုတ်ပြန် ထားတဲ့ မူးယစ်တရားခံ ၂ ယောက်ကို  မြန်မာဘက်ခြမ်း တာချီလိတ်မှာ ဖမ်းဆီးရမိပြီး ဇူလိုင် ၁၆ မှာ မြန်မာအာဏာပိုင်တွေက ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ပြစ်မှုတွေကျူးလွန်ပြီး မြန်မာဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မစ္စတာ တိချန်းနဝန်နဲ့ မစ္စတာ ချမန်ကန်ထဝန် တို့ကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ် နှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းစုံစမ်းဖော်ထုတ်ပြီး ဇူလိုင် ၁ ရက်က တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးအဖွဲ့က ဇူလိုင် ၁၆ မှာ ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမူးယစ်ရဲတပ်ဖွဲ့ကလည်း မနေ့ကသတင်းစာရှင်းပွဲမှာ ထုတ်ပြန်ခဲ့ပါ။  တရားခံ ၂ ယောက်ဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဘတ် ၂ သန်းခွဲနဲ့ ဆုငွေထုတ်ထားတဲ့ မူးယစ်ဝရမ်းပြေးဖြစ်တယ်၊ မနှစ် အောက်တိုဘာ ၂၂ ရက်က မှန်လုံကားတစီးထဲကနေ  ဘိန်းဖြူ ၁၅၄ ကီလိုဂရမ် ဖမ်းမိတာ၊ ဒီနှစ် ဖေဖော်ဝါရီ ၁၅ ရက်က အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ် ဖမ်းမိတာတွေနဲ့ ပတ်သက်ပြီး  ဖမ်းမိထားသူတွေရဲ့ ထွက်ဆိုချက်အရ အဓိက ညွှန်ကြားသူမှာ တိချန်းနဝန်နဲ့  ချမန်ကန်ထဝန်တို့ ဖြစ်တယ်လို့ သိရတယ်။

သူတို့ဟာ တဘက်နိုင်ငံကို ထွက်ပြေးပုန်းရှောင်နေတာကြောင့် မြန်မာအာဏာပိုင်တွေထံ အကြောင်းကြားပြီး ရှာဖွေဖမ်းဆီးပေးဖို့ အကူအညီတောင်းခဲ့တာလို့ ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ အတွင်းရေးမှူးချုပ် ရဲမှူးကြီး ဖာနုရတ် လတ်ဘွန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမူးယစ်ဂိုဏ်းထဲမှာ နိုင်းဝိရ မွန်ကျဒါးဆိုတဲ့ နောက်ထပ်မူးယစ်တရားခံတယောက် ထွက်ပြေးလွတ်မြောက်နေသေးတယ်၊ သူ့ရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၆၀ ကိုတော့  တာဝန်န်ရှိသူတွေက သိမ်းဆည်းထားတယ်လို့ဆိုပါတယ်။

သူဟာ အမှတ် ၁၇၁  UWSA တောင်ပိုင်း ‘ဝ’ တပ်ဖွဲ့က ကျလောဘိုရဲ့ သားမက်ဖြစ်ပြီး ထိုင်းမြောက်ပိုင်း မယ်ဖာ့လုံနယ်မြေကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကို မူးယစ်ဆေးတွေ တင်ပို့နေသူဖြစ်တယ်။ UWSA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လက သူတို့ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး၊ ဘိန်းဖြူနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၇၀၀ - ၈၀၀ ကီလိုဂရမ်လောက်ကို တရုတ်အာဏာပိုင်တွေဆီ အပ်နှံခဲ့တယ်လို့ သိရတယ်။

UWSA အနေနဲ့ မူးယစ်ဆေးဝါးကို အမှန်တကယ်နှိမ်နင်းမယ်ဆိုရင် သူတို့နယ်မြေထဲ တိမ်းရှောင်နေတဲ့ နိုင်းဝိရမွန်ကျဒါးကို ဖမ်းဆီးပေးဖို့ ပြောလိုကြောင်း  ရဲမှူးကြီး ဖာနုရတ် လတ်ဘွန်းက ပြောသွားပါတယ်။ 

Source : CCDAC Myanmar / CH3 3Miti News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013