DVB Logo
Home
မြန်မာသတင်း
ပေါက်ခေါင်းနှင့်မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အလင်းဝင်
DVB
·
July 17, 2025
ပေါက်ခေါင်းနှင့်မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အလင်းဝင်
1 / 3
Donate to DVB

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်သက် ၂၀ နီးပါးရှိသူတယောက် အပါအဝင် စစ်ကာင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းက ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၃၆၀၁ တပ်ရင်းရဲ စစ်ထောက်လှမ်းရေးနဲ့ ပြန်ကြားတာဝန်ခံ ရဲဘော် Shadow က “သူတို့ ၂ ယောက်က ပေါက်ခေါင်းအခြေစိုက် ခလရ ၅၃ တပ်ထဲမှာ တာဝန်ကျနေကြတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။ တယောက်က စစ်လုပ်သက် ၂၀ နီးပါးရှိပြီ။ နောက်တယောက်ကတော့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ဖြစ်ပါတယ်။ သူတို့ ထွက်ပြေးလာကြတဲ့ ရည်ရွယ်ချက်ကကို တော်လှန်​ရေးတပ်ဖွဲ့တခုခုဆီမှာ လက်နက်အပ်ပြီး ခိုလှုံဖို့ ထွက်ပြေးလာကြတာလို့ သိရတယ်။ သူတို့ထွက်ပြေးလာတဲ့ လမ်းကြောင်းမှာ ကျနော်တို့တပ်ရင်း ရဲဘော်တွေနဲ့တွေ့ပြီး ကျနော်တို့အဖွဲ့ဆီမှာပဲ အလင်းဝင်ဖို့ ဖြစ်လာကြတာပါ။ ကြိုပြီး ဆက်သွယ် ချိတ်ဆက်ထားခဲ့တာ မရှိပါဘူး” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ MA4 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ 5.56 ကျည် ၃၈၄ တောင့်၊ ၄၀ မမ ဗုံးသီး ၁၆ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၈ ခုတို့ ယူဆောင်လာခဲ့ကြပြီး ဇူလိုင် ၉ ရက်မှာ အလင်းဝင်ရောက်လာကြလို့ ဆုကြေးငွေတွေလည်း ပေးအပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့အတွက် ကျနော်တို့အဖွဲ့က သိန်း ၇၀ နဲ့ ပြည်သူတွေက ၁၀ သိန်း၊ စုစုပေါင်း သိန်း ၈၀ ပေးအပ်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ တာဝန်ယူထားပါတယ်။ သူတို့ ၂ ယောက်လုံးရဲ့ သဘောဆန္ဒက ကျနော်တို့တပ်ဖွဲ့ထဲမှာ တပ်ဖွဲ့ဝင်အဖြစ် ပူးပေါင်းပြီးတော့ စစ်တပ်ကို ပြန်တိုက်သွားကြမှာဖြစ်ပါတယ်” လို့ ၃၆၀၁ တပ်ရင်းရဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပေါက်ခေါင်းအခြေစိုက် ခလရ ၅၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတွေမှာ ကျန်ရှိနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း ပြည်သူ့ဘက်ကိုရပ်တည်ကာ အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပြည်ခရိုင်အတွင်းမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီအခြေစိုက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဇူလိုင် ၁၃ ရက်မှာ စစ်ကောင်စီတပ်သား ၃ ယောက် အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “ကိုယ်ရှိနေတဲ့အချိန်မှာ စစ်သား ၃ ယောက် အလင်းဝင်တာကို တွေ့ခဲ့ရတယ်။ နမခအတွင်းက စစ်သားတွေလို့လည်း ပြောသံကြားခဲ့ရတယ်။ အဲဒီအလင်းဝင်လာသူတွေကို ပကဖဘက်ကနေ လိုအပ်တာ စစ်ဆေးနေတာတွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်-၂ ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

တိုက်နယ် ၂ အဖွဲ့ဝင်တယောက်က “အလင်းဝင်လာတဲ့သူတွေကို လုံခြုံရေးအတွက် ဘေးကင်းရာကို ပို့ဆောင်ပေးထားပါတယ်။ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာကနေ ထုတ်ပြန်ပေးသွားပါလိမ့်မယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း မုံရွာနမခ စစ်တပ်ကနေ အခုလို စစ်ကောင်စီ တပ်သား ၄ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013