DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါ် လူငယ်များ ယုံကြည်မှုကင်းမဲ့ဟု စစ်တမ်းထုတ် 
DVB
·
July 16, 2025
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါ် လူငယ်များ ယုံကြည်မှုကင်းမဲ့ဟု စစ်တမ်းထုတ် 
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအပေါ် မြန်မာလူငယ်တွေက ယုံကြည်မှု ကင်းမဲ့နေတဲ့အကြောင်း ပြည်တွင်းအခြေစိုက် အချက်အလက်သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Blue Shirt Initiative အဖွဲ့က ထုတ်ပြန်ပါတယ်။

“မြန်မာ့နွေဦးတော်လှန်ရေး ၄ နှစ်တာကာလ။ ပစ္စုပ္ပန်နှင့် အနာဂတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်” အမည်နဲ့ ကောက်ယူတဲ့ စစ်တမ်းအရ ခုလို ဖော်ပြထားတာပါ။

အဲဒီစစ်တမ်းမှာ လူပုဂ္ဂိုလ်၊ အင်စတီကျူးရှင်း၊ ရာထူး/တာဝန် စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲ ဆိုတာကို မေးမြန်းထားသလို အဲဒီထဲက တွေ့ရှိချက် တစိတ်တပိုင်းအနေနဲ့ လူငယ်တွေရဲ့ ယုံကြည်မှုနဲ့ မယုံကြည်မှုအကြား ခြားနားချက်ကို တွက်ချက်ဖော်ပြထားပါတယ်။

အခုနှစ် မတ်လအတွင်း မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ နိုင်ငံသား ၂,၈၀၈ ယောက် ပါဝင်ပြီး အဲဒီထဲက ၁,၈၃၁ ယောက်ကတော့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အကြား လူငယ်တွေ ပါဝင်ဖြေဆိုခဲ့ကြတယ်လို့လည်း Blue Shirt Initiative အဖွဲ့က ဆိုပါတယ်။

အင်စတီကျူးရှင်းတွေအပေါ် ယုံကြည်မှုမှာတော့ အရင်နှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်း အသီးသီးရဲ့ တွေ့ရှိချက်တွေအတိုင်းပဲ စစ်ကောင်စီနဲ့ ခေါင်းဆောင်တွေ၊ အစိုးရယန္တရားတွေအပေါ် အများပြည်သူအကြား ယုံကြည်မှုကင်းမဲ့နေတာကိုတွေ့ရပြီး စစ်တမ်းဖြေဆိုသူ ၁၀ ယောက်မှာ ၈ ယောက်က မယုံကြည်ပါလို့ တုံ့ပြန်ထားကြပါတယ်။

ဒါ့အပြင် ဆန့်ကျင်ဘက်အနေနဲ့ EAOs/EROs တွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေအပေါ် ယုံကြည်မှုမှာတော့ အားကောင်း မြင့်မားနေဆဲဖြစ်တာကို တွေ့ရပြီး အထူးသဖြင့် နွေဦးတော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်မှုမရှိလင့်ကစား အကျဉ်းကျနေတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုမှာ တခြားသူတွေ အားလုံးကို ကျော်လွန်ကာ အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရတယ်လို့လည်း Blue Shirt Initiative အဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စစ်တမ်းဖြေဆိုသူတွေကြား အမြင် ၂ မျိုးကို တွေ့ရပြီး စစ်တမ်းဖြေဆိုသူထက်ဝက်လောက်က လက်ရှိပဋိပက္ခတွေဟာ လာမယ့် ၅ နှစ်အတွင်း ချုပ်ငြိမ်းသွားမယ်လို့ အကောင်းမြင်မျှော်လင့်ကြသလို ကျန်တဝက်ကကတော့ ဒီထက်ပိုမိုကြာညောင်းလိမ့်မယ်လို့ စိုးရိမ်ပူပန်ကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင်နည်းလမ်းက ကျန် နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံတကာ ကြားဝင်စေ့စပ်တဲ့ နည်းလမ်းတွေထက် ပိုမိုထိရောက်မှု ရှိတယ်လို့ သဘောထားအမြင်ရှိကြပေမဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့အတွက်ကတော့ နိုင်ငံရေးနည်းလမ်းတခုကို အမြန်ဆုံး ရှာဖွေသင့်တယ်လို့ ဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းတွေအတွက် စစ်တမ်းကောက်ယူရာမှာ (Probability Sampling) ကျပန်း နမူနာတွေ ရွေးထုတ်သတ်မှတ်ပြီးတော့ ကောက်ယူတဲ့ နည်းလမ်းကို အသုံးပြုဖို့ မဖြစ်နိုင်တာကြောင့် ဒီစစ်တမ်းကို ကောက်ယူရာမှာ (Non-probability Sampling) စစ်တမ်းဖြေဆိုသူတွေကို ဒေသခံသုတေသီတွေက ကြိုတင်ရွေးချယ်ပြီး တွေ့ဆုံမေးမြန်းတဲ့ နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်တမ်းတွေ့ရှိချက်တွေက ပါဝင်ဖြေဆိုခဲ့ဆိုသူတွေရဲ့ သဘောထားအမြင်သာဖြစ်ပြီး နိုင်ငံတွင်းရှိ နိုင်ငံသားတွေအားလုံးရဲ့ သဘောထားကို ထင်ဟပ်နိုင်ခြင်း မရှိကြောင်းလည်း Blue Shirt Initiative အဖွဲ့က ပြောထားပါတယ်။

ဒါပေမဲ့ ဒီတွေ့ရှိချက်တွေက မြန်မာပြည်တွင်းက ပြည်သူအများရဲ့ သဘောထားအမြင်ကို အတိုင်းအတာ တစုံတရာအထိ ထင်ဟပ်တယ်လို့ ယုံကြည်တဲ့အလျောက် အများပြည်သူရဲ့ သဘောထားအမြင်ကို လေ့လာရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

Source : Blue Shirt Initiative

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013