DVB Logo
Home
နိုင်ငံတကာ
ရုရှားကို အပြင်းအထန် အခွန်စည်းကြပ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်၊ ရုရှားက ဂရုမစိုက်ဟု တုံ့ပြန်
DVB
·
July 16, 2025
ရုရှားကို အပြင်းအထန် အခွန်စည်းကြပ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်၊ ရုရှားက ဂရုမစိုက်ဟု တုံ့ပြန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကတဆင့် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးမယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရင် ရုရှားအပေါ် အပြင်းအထန် အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ အိမ်ဖြူတော်မှာ တွေ့ချိန်မှာ ထရမ့်ပ်က ယူကရိန်းကို လက်နက်ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ အမေရိကန်ကတိကဝတ်ကို အတည်ပြုခဲ့ပါတယ်။

“ကျနော်တို့က သူတို့ကို လက်နက်တွေပို့ပေးပြီး သူတို့က အဲဒီအတွက် ပေးဆောင်သွားမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။

တိုးတက်မှုမရှိရင် ရုရှားအပေါ် အလွန်ပြင်းထန်တဲ့ အခွန်အတုတ်တွေ ချမယ်လို့ ထရမ့်ပ်က ထပ်လောင်း သတိပေးခဲ့ပါတယ်။

“ရက်ပေါင်း ၅၀ အတွင်း သဘောတူညီချက်မရရင် ကျနော်တို့က အလွန်ပြင်းထန်တဲ့ စည်းကြပ်ခွန်တွေ ကောက်ခံမယ်။ ဒုတိယအခွန်က ၁၀၀ ရာခိုင်နှုန်းလောက်ရှိမယ်” လို့ အမေရိကန်သမ္မတက ပြောပါတယ်။

ထရမ့်ပ်ရဲ့မှတ်ချက်ကို ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က ပယ်ချခဲ့ပြီး ရုရှားက ဂရုမစိုက်ဘူးလို့ တုံ့ပြန်ပါတယ်။

“ထရမ့်ပ်က ရုရှားသမ္မတနန်းတော်ကို ပြဇာတ်လို ရာဇသံထုတ်ခဲ့တယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မျှော်လင့်နေတဲ့ ကမ္ဘာကြီးက တုန်လှုပ်ချောက်ချားသွားတယ်။ ဥရောပတိုက်ကြီး စိတ်ပျက်သွားတယ်။ ရုရှားက ဂရုမစိုက်ဘူး” လို့ မက်ဗီဒက်က X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ကာဂျာ ကားလက်စ်က ထရမ့်ပ်ရဲ့ ရုရှားအပေါ် ခိုင်မာတဲ့ ရပ်တည်ချက်ကို အပြုသဘောအဖြစ် တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ ရက်ပေါင်း ၅၀ အချိန်သတ်မှတ်ချက်က အချိန်ကြာတယ်လို့ မှတ်ချက်ချခဲ့တဲ့အကြောင်း  ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

ရုရှားပို့ကုန် ဝယ်တဲ့သူတွေကိုပါ ပိတ်ဆို့အရေးယူမယ့် ခြိမ်းခြောက်မှု အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လတ်တလောထုတ်ပြန်ချက်တွေက ပြင်းထန်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့ လိုတယ်လို့  ရုရှား ကရင်မလင်နန်းတော်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် မကျေနပ်ချက် ကြီးထွားလာနေတဲ့ မူဝါဒ အပြောင်းအလဲအတွင်း တနင်္လာနေ့မှာ ထရမ့်ပ်က ယူကရိန်းဆီ လက်နက်အသစ်တွေ ပေးပို့ကြောင်း ကြေညာခဲ့ပြီး ယူကရိန်းနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရုရှားက သဘောမတူရင် ရုရှားကနေ ပို့ကုန်ဝယ်သူတွေဟာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က “အမေရိကန်သမ္မတရဲ့ ပြောဆိုချက်တွေဟာ အလွန်ပြင်းထန်ပါတယ်။ တချို့က သမ္မတ ပူတင်ကို ပုဂ္ဂိုလ်ရေးအရ ပေးပို့တာပါ။ ဝါရှင်တန်မှာ ပြောခဲ့တဲ့ စကားတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကျနော်တို့ အချိန်လိုပါတယ်။ သမ္မတပူတင်က လိုအပ်တယ်လို့ ယူဆရင် သူ သေချာပေါက် မှတ်ချက်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

ယူကရိန်းအစိုးရဆီ အမေရိကန်က လက်နက်သစ်တွေ ပေးပို့တဲ့သတင်းတွေကို ရည်ညွှန်းပြီး ဒမစ်ထရီပဲ့စ်ကို့ဗ်က “ဝါရှင်တန်၊ NATO နိုင်ငံတွေနဲ့ ဘရပ်ဆဲလ်က ဆုံးဖြတ်ချက်တွေဟာ ငြိမ်းချမ်းရေးအတွက် အချက်ပြတာမဟုတ်ဘဲ စစ်ပွဲကို ဆက်တိုက်ဖို့ အချက်ပြမှုတခုအဖြစ် ယူကရိန်းဘက်က ရှုမြင်တယ်” လို့ ဆက်ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိပြီး လာမယ့်ဆွေးနွေးပွဲတွေ ဘယ်အချိန်မှာ ကျင်းပနိုင်တယ်ဆိုတာကို သိဖို့ ယူကရိန်းအစိုးရဘက်က အချက်ပြတာကို စောင့်နေဆဲ ဖြစ်တယ်လို့ ပဲ့စ်ကို့ဗ်က ထပ်လောင်းပြောပါတယ်။

ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပိုစိတ်ပျက်လာပြီး လက်နက်တွေက ရုရှားရဲ့ ယူကရိန်းအပေါ် ၃ နှစ်ကျော် ကျူးကျော်စစ်ကို အမြန်အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးချိန်မှာ ထရမ့်ပ်က ပူတင်ကို စိတ်ပျက်မိပြီး ဒေါ်လာဘီလီယံနဲ့ချီတဲ့ အမေရိကန်လက်နက်တွေ ယူကရိန်းကို ရောက်သွားလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့က ထိပ်တန်းလက်နက်တွေ လုပ်မယ်၊ အဲဒါတွေကို NATO ဆီပို့မယ်” လို့ ထရမ့်ပ်က ပြောကြားပြီး အဲဒီအတွက် အမေရိကန်အစိုးရရဲ့ NATO မဟာမိတ်တွေက ပေးဆောင်မယ်လို့လည်း ပြောပါတယ်။

ဒေါ်နယ်ထရမ့်ပ်ပြောတဲ့ ရက်ပေါင်း ၅၀ အတွင်း ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရုရှားက သဘောတူရမယ်ဆိုတဲ့ ကြေညာချက်ဟာ ဘယ်လိုအကြောင်း လှုံ့ဆော်မှုကြောင့်လဲ ဆိုတာ ရုရှားက နားလည်ချင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရို့ဗ်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ထျန်ကျင်းမြို့တော်မှာ ပြုလုပ်နေတဲ့ ၂၅ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တာဖြစ်ပြီး ရုရှားအနေနဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ရင်ဆိုင်ရမယ်ဆိုတာ သံသယမရှိဘူးလို့လည်း ဆိုပါတယ်။

“ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ် ပြောခဲ့သလိုပဲ အမေရိကန်သမ္မတရဲ့ ရက်ပေါင်း ၅၀ ဆိုတဲ့ ဒီထုတ်ပြန်ချက်ရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲလို့ နားလည်ချင်ပါတယ်။ ထရမ့်ပ်က ဥရောပသမဂ္ဂနဲ့ NATO ရဲ့ လက်ရှိခေါင်းဆောင်ပိုင်းတွေကို ဖိအားတွေ အရမ်းပေးနေတယ်ဆိုတာ ရှင်းပါတယ်။ ထိုးစစ်လက်နက်တွေ  အပါအဝင် ခေတ်မီလက်နက်တွေကို တစာစာ တောင်းဆိုနေတဲ့ ဇလန်းစကီးရဲ့ တောင်းဆိုချက်တွေကို မိုက်မိုက်မဲမဲ ထောက်ခံပေးနေကြတာတွေကြောင့် အနောက်နိုင်ငံတွေရဲ့ အခွန်ထမ်းပြည်သူတွေကို ထိခိုက်ပျက်စီးမှုတွေ ပိုများလာစေပါတယ်” လို့လည်း ဆိုပါတယ်။

တကယ်တော့ ရုရှားအပေါ် မကြုံစဘူး ပိတ်ဆို့အရေးယူမှု အများအပြားကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပြီး ဖြေရှင်းဆောင်ရွက်နေကြောင်းလည်း လာ့ဗ်ရို့ဗ်က ပြောဆိုပါတယ်။

တနင်္လာနေ့က NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံချိန်အတွင်း ဒေါ်နယ်ထရမ့်ပ်က NATO မှတဆင့် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးမယ့်အကြောင်း ကြေညာခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရင် ရုရှားအပေါ် အခွန်စည်းကြပ်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013