DVB Logo
Home
မြန်မာသတင်း
မိုးကုတ်ထောင်တွင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရ 
DVB
·
July 16, 2025
မိုးကုတ်ထောင်တွင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရ 
Donate to DVB

တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်တာတွေ ရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

မိုးကုတ်ထောင်က အကျဉ်းသားတွေဟာ လူသားတယောက်ရဲ့ နေ့စဉ် လိုအပ်နေတဲ့ အစာအာဟာရကို မစားသုံးရကြတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း မရှိသလောက် ဖြစ်နေတာပါ။

မိုးကုတ်အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတယောက်က “ထောင်မှာ အကျဉ်းသားတွေကို ရိက္ခာချပေးတာရှိတယ်။ ဒါပေမဲ့ အောက်ခြေမှာ ထမင်းကို ထမင်းနဲ့ပဲ စားခိုင်းတယ်။ ဟင်းမကျွေးဘူး။ ဟင်းမစားရဘူးလို့ ပြောရင် ဘယ်ကောင် ပြောတာလဲဆိုပြီး ထောင်စောင့်တွေက အကျဉ်းသားတွေကို ရိုက်တယ်” လို့ ပြောပါတယ်။

မိုးကုတ်ထောင်မှာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ အကျဉ်းသားတွေကို အကူအညီတွေပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က လာရောက်လေ့လာပြီး ကူညီပေးစေချင်တယ်လို့ မိုးကုတ် အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေက တိုက်တွန်းပါတယ်။

အကျဉ်းသားဟောင်းတယောက်က “TNLA ရဲဘော်တွေက အကျဉ်းသားမှန်သမျှကို လူလို့ မမြင်ကြဘူး။ ထောင်ထဲမှာ ထမင်းသိုးတာတို့ ဟင်း မပေးတာတို့ အပြင် ဆေးဝါးကုသမှုလည်း ကင်းမဲ့နေတယ်ဗျ။ ဆေးကုခွင့်မရလို့ ကျနော်တို့ ရှေ့မှာတင် သေသွားတာရှိတယ်။ ထောင်ထဲမှာ ရခဲ့တဲ့ ကျနော့် အနာကိုပဲကြည့်။ ထောင်က လွတ်တာကြာပြီ အခုထိမပျောက်သေးဘူး။ အခုထိ ကုနေရတယ်”လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ တအာင်းရဲတပ်ဖွဲ့နဲ့ တရားရေးဌာနရှိပေမဲ့ စွပ်စွဲဖမ်းဆီးခံရသူတွေမှာ ရှေ့နေငှားရမ်းခွင့် မရကြဘူးလို့ လွတ်မြောက်လာသူက ပြောပါတယ်။

“တရားရုံး ရှိတယ်။ ရုံး မတင်တာများတယ်။ အမှုက သူတို့ ပါးစပ်ထဲမှာတင် အမျိုးမျိုးဖြစ်နေတယ်။ ရှေ့နေငှားခွင့် မရှိဘူး။” 

TNLA တအာင်းတပ်ဟာ ဒေသတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တချို့ကိုလည်း ခေါ်ယူ၊ မေးမြန်း၊ ဖမ်းဆီး၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေး၊ ထောင်ချတာတွေရှိခဲ့ပါတယ်။

မိုးကုတ်ထောင်မှာ အကျဉ်းသား ၂၀၀ ဝန်းကျင်ရှိပြီး အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်နေတာနဲ့ ပတ်သက်လို့ တအာင်းအုပ်ချုပ်ရေးနဲ့ တရားရေးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

တရားရေးဌာနတခုကို ဖွဲ့စည်းလည်ပတ်နေတဲ့ တအာင်းအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာဌာနအနေနဲ့ လူ့အခွင့်အရေးနဲ့အညီ ပြဋ္ဌာန်းထားတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေကို နမူနာထား ကျင့်သုံးသင့်တယ်လို့  မြန်မာနိုင်ငံတရားရေးဌာနက CDM တွေက ဆိုပါတယ်။

တရားရေး CDM တယောက်က “အကျဉ်းထောင်လက်စွဲဥပဒေ ဆိုတာ ရှိတယ်။ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ လူ့အခွင့်အရေးကိုလည်း မဆန့်ကျင်ဘဲ အကျဉ်းသားတွေရဲ့ စားဝတ်နေရေးနဲ့ လူမှုဆက်ဆံရေးတွေပေါ့နော်။ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတာက ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ နိုင်ငံတိုင်းက လိုက်နာကျင့်သုံးကြတယ်။ အဲဒါက ဘယ်လို အခြေမျိုးမှာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးရမယ့် ကိစ္စရပ်ဖြစ်တယ်”လို့ ပြောပါတယ်။

အာရက္ခတပ်တပ် (AA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) စတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့ ၁၁ မြို့နဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး TNLA တအာင်းတပ်က အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နေတာဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာတော့ TNLA ထိန်းချုပ်ခဲ့တဲ့ မြို့တွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Photo: မိုးကုတ်အကျဥ်းထောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013