DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ငလျင်ဒဏ်သင့်ဝန်ထမ်းများ အထောက်အပံ့ကောင်းစွာမရ
DVB
·
July 16, 2025
နေပြည်တော် ငလျင်ဒဏ်သင့်ဝန်ထမ်းများ အထောက်အပံ့ကောင်းစွာမရ
Donate to DVB

စစ်ကောင်စီရုံးစိုက်‌ရာ နေပြည်တော်မှာ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ရုံး အပါအဝင် ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ရာတွေ အများဆုံး ပြိုကျပျက်စီးခဲ့တာကြောင့် ဝန်ထမ်းမိသားစုတွေဟာ လမ်းဘေးမှာ လက်ရှိအချိန်ထိ နေနေရဆဲဖြစ်ပြီး စစ်ကောင်စီအနေနဲ့ တစုံတရာ ထောက်ပံ့ကြေးမပေးတဲ့အပြင် ရုံးလုပ်ငန်းတွေကိုသာ ဆက်တိုက်လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

မီးရထားဝန်ထမ်းတယောက်က “ပြောရရင် နေရတာကလည်း ယာယီတဲအိမ်တွေမှာ။ ထောက်ပံ့မှုက သေချာမရဘူး။ အဆင်ပြေသလို နေနေကြရတာ။ ဒုက္ခလည်းရောက်တယ်။ အလုပ်ကျတော့ ခိုင်းတာ။ ယာယီတဲအိမ်တောင် ကိုယ်ထူကိုယ်ထနဲ့ ထိုးထားရတာ။ သူတို့မထိုးပေးနိုင်ဘူး။ ဒါက အဆင်မပြေဘူးလေ။ သူတို့တွေက ကိုယ်တွေကို ဖြစ်သလိုထားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာတွေကို အနီရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နဲ့ အပြာရောင်အဆင့် ဆိုပြီး ခွဲခြားသတ်မှတ်ထားကာ အပြာရောင်အဆင့် အိမ်ရာတွေဟာ ပြန်လည်နေထိုင်နိုင်ပြီလို့ ဆိုပါတယ်။

အဆိုပါ ဝန်ထမ်းအိမ်ရာတွေဟာ ငလျင်ကြောင့် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေတာကြောင့် ဝန်ထမ်းတွေက ပြန်လည်နေထိုင်ခြင်း မပြုဘူးလို့ သိရပါတယ်။

ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာတွေကို ဖြိုဖျက်ရှင်းလင်းရာမှာ အလုံးစုံမပြီးမြောက်သေးဘဲ ဝန်ထမ်းတွေဟာ ဝန်ကြီးဌာနက စီစဉ်ပေးတဲ့ ဘောလုံးကွင်း၊ ကျောင်းတို့မှာ ယာယီတဲထိုးပြီး နေနေရသလို မဖြိုဖျက်ရသေးတဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေမှာလည်း အဆင်ပြေသလို တဲထိုးနေနေရတယ်လို့ သိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတယောက်က “သူတို့က နေလို့ရပြီ ပြောတယ်။ ဒါပေမဲ့ ဘယ်လိုပြန်နေမလဲ။ အကုန် အက်ကွဲကြောင်းရာတွေချည်းပဲ။ မနေရဲဘူးလေ ကိုယ်တွေလည်း။ သူတို့ကျတော့လည်း မြို့အင်္ဂါရပ်နဲ့ မညီဘူးဆိုပြီး အတင်းပြောင်းခိုင်းတယ်။ အဆင်မပြေတာတွေမှ အများကြီးပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဝန်ထမ်းအိမ်ရာထက် ရုံးတွေကို အဓိကထား ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ငလျင်ကြောင့် စစ်ရုံးက ဝန်ထမ်းတွေ အပါအဝင် အမြဲတမ်းအတွင်းဝန်အဆင့်တွေလည်း သေဆုံးခဲ့မှုတွေရှိသလို ဝန်ထမ်းမိသားစုတွေလည်း အများအပြား သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ နေပြည်တော်က သေဆုံးအရေအတွက်ကို အတိအကျ မထုတ်ပြန်ထားဘဲ မြေပြင်ကွင်းဆင်း အချက်‌အလက်တွေအရ ၁,၀၀၀ နီးပါးရှိနေတာ ဖြစ်ပါတယ်။

ငလျင်ဘေး‌ကြုံတွေ့ခဲ့ရတဲ့ ဝန်ထမ်းမိသားစုဝင်တယောက်က “ငလျင်လှုပ်တဲ့နေ့က တော်တော်ကြောက်ဖို့ကောင်းတယ်။ အသံကြီးပါမြည်တယ်။ စလှုပ်လှုပ်ချင်း ဆင်းမပြေးသေးဘူး။ နောက်တကြိမ်လှုပ်မှ ‌အကုန်ပြေးဆင်းရတယ်။ သမီးကလည်း ရုံးတက်နေတာ။ ဒီမှာကျန်ခဲ့တာတွေက မိသားစုဝင်တွေပဲကျန်တာ။ အောက်ထပ်ကနေ စပြိုတာ။ မြေကြီးထဲ ရိုက်သွင်းသလို ဖြစ်သွားတာ။ မျက်စိရှေ့တင် တယောက်ပိနေတာ မကယ်နိုင်ဘူး။ ကိုယ်တွေလည်း အသက်လုပြေးရတာ။ နောက်တော့ သိပ်မကြာပါဘူး။ ဝုန်းခနဲဆိုပြီး အကုန်ပြိုကျတယ်။ မျက်လုံးထဲကနေတောင် ဒီအဖြစ်အပျက် မထွက်ဘူး။ ကျန်ခဲ့တဲ့သူတွေကလည်း သက်ကြီးရွယ်အိုတွေမလား” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဝန်ထမ်းတွေအတွက် နေရာထိုင်ခင်း စီမံပေးရာမှာ အဆင်မပြေမှုတွေ ရှိတာကြောင့် မိမိနေထိုင်ရာ ဇာတိမြေကို ပြန်သွားတဲ့သူတွေလည်း ရှိပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက နေပြည်တော်ကို ပြန်တည်ဆောက်ဖို့အတွက် အရင် တည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ လုပ်ငန်းရှင်တွေကို ပြန်ခေါ်ထားပြီး တည်ဆောက်ရေး လုပ်ငန်းမှာ မပါဝင်လိုတဲ့ လုပ်ငန်းရှင်တွေက ‌စစ်ကောင်စီကို တန်ဖိုးအတိုင်း ငွေပြန်လျော်ရမှာ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ၇၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ပြီး ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အများဆုံး ပြိုကျပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013