
အာရက္ခတပ်တော်(AA)ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနမှာ လစ်လပ်တဲ့နေရာတွေအတွက် ဝန်ထမ်းတွေ ခေါ်ယူနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) ရဲ့ ပြည်သူ့ဝန်ထမ်းရွေးချယ် ခန့်အပ်ရေးကော်မရှင်က သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနမှာ လစ်လပ်နေတဲ့ မြေယာကျွမ်းကျင် ရာထူး နေရာတွေမှာ ခန့်အပ်နိုင်ဖို့နဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနမှာ လစ်လပ်တဲ့ ဒုဦးစီးအရာရှိ ရာထူးတွေကို ခေါ်ယူထားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနဲ့ ယန္တရားလည်ပတ်ရေးအတွက် နေရာ အသီးသီးမှာ လုပ်ဆောင်နေပြီး တာဝန်ထမ်းဆောင်မဲ့ ဝန်ထမ်းတွေ အမြောက်အမြား လိုအပ်နေတယ်လို့ AAနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဒေသဆိုင်ရာဖွံ့ဖြိုးရေးတွေ လုပ်ဖို့ဆိုရင် လူသားအရင်းအမြစ် လိုတယ်။ ဝန်ထမ်းတွေ အများကြီးလိုနေပါသေးတယ်။ နောက်ထပ် လစ်လပ်တဲ့နေရာတွေမှာလည်း ဝန်ထမ်းတွေ ခေါ်ယူသွားဖို့ရှိပါတယ်။”
လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေတဲ့ ရခိုင်မှာအခုလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာတဲ့အတွက် အကျိုးရှိတယ်လို့ ပုဏ္ဏားကျွန်းက စစ်ရှောင် အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“စနစ်ဟောင်း ဆယ်တန်းအောင်ထားတယ်။ ကွန်ပျူတာသင်တန်းတွေလည်း တက်ထားပေမဲ့ အသုံးချဖို့ နေရာမရှိဘူး။ အလုပ်တွေမရှိတော့ တကယ်စိတ်ဓာတ်ကျတယ်။ ဒါပေမဲ့ အခုလို ဝန်ထမ်းတွေ ခေါ်လာပြီဆိုတော့ တတ်တဲ့ပညာကို အသုံးချလို့ရတယ်။ စားဝတ်နေရေးလည်း အဆင်ပြေလာမယ်။ တကယ်ဝမ်းသာပါတယ်။”
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနတွင်း ဝန်ထမ်းတွေအပြင် ပြင်ပကလူတွေလည်း အရည်အချင်းပြည့်မီသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနမှ ဒု-ဦးစီးအရာရှိ ရာထူးနေရာတွေအတွက် လျှောက်ထားသူ တွေဟာ အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၄၀ ထက်မကြီးသူဖြစ်ရမယ်ဖြစ်တယ်လို့ ဆိုပါတယ်။
မြေယာကျွမ်းကျင်ရာထူး လျှောက်ထားသူတွေဟာ အသက် ၂၃ နှစ်ပြည့်ပြီး အသက် ၃၅ နှစ် ထက်မကြီးသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ရွေးချယ်ခန့်အပ်ခြင်းခံရပါက အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။











