DVB Logo
Home
မြန်မာသတင်း
ကျုံဒိုး-ကော့ကရိတ်လမ်းနှင့် ဂျိုင်းမြစ်တလျှောက် စစ်တပ်က လေယာဉ်ဖြင့်စောင့်ကြည့် ပျံသန်းနေ
DVB
·
July 16, 2025
ကျုံဒိုး-ကော့ကရိတ်လမ်းနှင့် ဂျိုင်းမြစ်တလျှောက် စစ်တပ်က လေယာဉ်ဖြင့်စောင့်ကြည့် ပျံသန်းနေ
Donate to DVB

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းနဲ့ ဂျိုင်းမြစ်တလျှောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတဲ့အပြင် လေကြောင်းကနေ စောင့်ကြည့် ပျံသန်းနေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းတလျှောက်နဲ့ အနီးအနားကကျေးရွာတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)  ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ် တိုက်ခိုက်နေပါတယ်။

ဇူလိုင် ၁၅ ရက်ကစတင်ပြီး ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းနဲ့ ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ စောင့်ကြည့်ပျံသန်းတာတွေ လုပ်ဆောင်နေပါတယ်။

ဒေသခံတယောက်က “‌ဒီနေ့က တော်တော်ထူးတယ်။ လေယာဉ်တချိန်လုံး ဝဲနေတယ်။ ကျနော်တို့ ဂျိုင်းမြစ်တလျှောက် ကော့ဘိန်း၊ ဓမ္မသ၊ အဲဒီ ကျုံဒိုးဘက် လေယာဉ် ၄ ၊ ၅ ခေါက်ရှိပြီ အခု။ မနက် ၁၀ နာရီကတည်းက ဝဲနေတာ။ တနေ့လုံးပဲ။ ဒီကော့ဘိန်းမှာ ဆိုရင် ၂ ပတ် ၃ ပတ်လောက်ရှိတယ်။ ဂျိုင်းမြစ်တလျှောက်မှာလေ။ မြောက်ကြာအင်းမှာ ဗုံးကြဲသွားတာရှိတယ်။ လေယာဉ်ဝဲတဲ့ ပုံစံက ကျနော် ထင်တာ အောင်ဇေယျစစ်ကြောင်းက စစ်ထိုးဖို့ စီစဉ်နေလား မသိဘူး။ တိုက်ပွဲတွေက ဟိုဘက်ခြမ်းမှာ အသံကတော့ နေ့တိုင်း ကြားနေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ စောင့်ကြည့်ပျံသန်းတာတွေကြောင့် ကမ်းနီး၊ ကျုံဒိုး၊ မွန်လှိုင်၊ ကော့ဘိန်းကျေးရွာနဲ့ အနီးအနားကျေးရွာက စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက စစ်အင်အားတွေ ဖြည့်တင်းနေတဲ့အပြင် ဘားအံ-ကော့ကရိတ် လမ်းပေါ်က ဂျိုင်းတံတားကိုပါ ပိတ်ထားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာဖို့ရှိတယ်။ ကျုံဒိုးဒေသခံတွေက ရွာမှာနေတဲ့သူတွေ မြို့မှာနေတဲ့သူတွေ မနေရဲတော့ဘူး။ အခုထိ အိမ်ငှားတာတို့၊ ရွှေ့ပြောင်းတာတို့ အသည်းအသန်နဲ့ အကြီးအကျယ် လုပ်နေကြတယ်။ အခုက လုံးဝ မနေရဲတော့ဘူး။ လက်ရှိအခြေအနေအရ ဘယ်လိုမှလည်း နေလို့မဖြစ်တော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ပြီးတော့ ဂျိုင်းတံတားကြီးကို ပိတ်လိုက်ပြီ။ ဖြတ်သန်းသွားလာလို့ မရတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ အပါအဝင် ဘားအံ-ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013