
ပဲခူးတိုင်း၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဇူလိုင် ၁၃ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဝင်ရောက်စီးနင်းခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ပြီး စခန်းမီးရှို့ခံရတဲ့အပြင် တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်မရဘူးလို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တပ်ခွဲမှူးနဲ့ အဆက်အသွယ်မရလို့ အသေးစိတ် အကုန်လုံးတော့ မသိရသေးပါဘူး။ စခန်းအစီးခံရပြီး တိုက်ပွဲဖြစ်နေတာပဲ သိရတယ်။ စခန်းကို မီးရှို့သွားတယ်။ ကျဆုံး ၂ ယောက်ရှိတယ်လို့ ကြားတယ်။ သူတို့ဘက်က အတည်ပြုချက်တော့ မရသေးဘူး။ အဆက်အသွယ်မရတော့ အသေးစိတ်ပြောပြဖို့ ခက်ခဲနေပါတယ်။”
စစ်ကောင်စီက ကြို့ပင်ကောက်ကို လွန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက် နောက်ပိုင်းကစလို့ အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အခုအချိန်ထိလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“သာယာဝတီခရိုင်တခုလုံးကို စစ်ကောင်စီက အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာပါ။ မင်းလှဘက်မှာဆို စစ်ကြောင်းထိုးနေတာ တလလောက်ရှိနေပြီ။ အခုလောလောဆယ်တော့ တခြား PDF အဖွဲ့တွေနဲ့ ပေါင်းပြီး ပြန်တိုက်နေပါတယ်။”
စစ်ကောင်စီက ပဲခူးတိုင်းအနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့စဉ်ပစ်ခတ်တာကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။










