
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ဇွန် ၂၀ ရက် မနက်ပိုင်းက ရွှေဆိုင်ပိုင်ရှင်တယောက် သူ့ရဲ့ဆိုင်ထဲမှာပဲ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မြို့မစျေးထဲမှာရှိတဲ့ မြမြင့်မိုရ်ရွှေဆိုင်ပိုင်ရှင် အပစ်ခံရတာ။ ဆိုင်မှာ သူတယောက်တည်းရှိနေတဲ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ လူ ၄၊ ၅ ယောက်လောက် လာပစ်သွားပြီး ရွှေထည်ပစ္စည်းတွေလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။
ရွှေဆိုင်ပိုင်ရှင်ဟာ အသက် ၅၇ အရွယ် ဦးဝင်းလွင် ဟာ ရင်ဘတ်ကို သေနတ်ကျည်ဆန် တချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ ဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်ဘက်က လာရောက် သယ်ဆောင်သွားကြပြီး ကြို့ပင်ကောက်ဆေးရုံကို ပို့ဆောင်လိုက်ကြတယ်လို့လည်း ဆိုပါတယ်။
ကြို့ပင်ကောက် ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေး က “သေဆုံးသွားတဲ့ ရွှေဆိုင်ပိုင်ရှင် ဦးဝင်းလွင် က အခုလိုအပစ်မခံရခင် ၂ ရက်လောက်မှာ ကြို့ပင်ကောက်ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ဘောလုံးပွဲကိစ္စနဲ့ စကားများပြီး ပြဿနာဖြစ်ခဲ့သေးတယ်။ အဲဒီလို ပြဿနာဖြစ်ပြီး အပစ်ခံရတာဆိုတော့ အဲဒီပျူတွေ ပစ်တယ်ဆိုတာ သေချာနေတယ်။ အခုနှစ်ထဲမှာတင် ကြို့ပင်ကောက်မြို့ပေါ်မှာ ဒီလို ရွှေဆိုင်ပိုင်ရှင်တွေ အပစ်ခံရပြီး ရွှေထည်တွေ လုယူခံရတာ ၃ ကြိမ် ထက်မနည်းတော့ဘူး။ ကြို့ပင်ကောက်မြို့ပေါ်မှာ အေးမင်းဦး နဲ့ ကျော်သက် ဆိုပြီး ပျူခေါင်းဆောင် ၂ ယောက်က အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဓားပြတိုက်၊ လူသတ်တာတွေကို တလှည့်စီ လုပ်နေကြတာလို့ စုံစမ်းသိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့လပိုင်းမှာ ကြို့ပင်ကောက်မြို့ပေါ်က ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီးတဲ့နောက်မှာလည်း အဲဒီဓားပြတိုက်တဲ့အဖွဲ့ထဲမှာပါတဲ့ ပျူတွေ သောက်စားပြီး ရွှေဆိုင်တွေ ဓားပြတိုက်တာကို သူတို့တွေ လုပ်ခဲ့ကြတယ်ဆိုတာ သူတို့ပျူအချင်းချင်း မူးပြီး ပြန်ဖော်ကြလို့ ပြဿနာတွေ တက်ခဲ့ကြသေးတာ။ အဲဒီလို လူသတ်၊ ဓားပြတိုက်တာတွေကို ဘယ်လောက်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို ထိုးချပါစေ၊ သူတို့အချင်းချင်း ပြန်ဖော်လို့ အဖြစ်မှန်က မကြာခင်ပေါ်လာမှာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး တိမ်းရှောင်နေရတဲ့ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ထွဋ် ရဲ့ ဇနီးဖြစ်သူ ကြို့ပင်ကောက်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်နု ဟာလည်း မတ် ၂၂ ရက်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် ဆောင်ရွက်နေကြတယ်လို့လည်း ကြို့ပင်ကောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










