DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက်ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲပစ်ခတ်၊ ပြည်သူ ၁ ဦးသေဆုံး
DVB
·
July 27, 2026
Photo: ကိုကရင်လေး
Photo: ကိုကရင်လေး
Donate to DVB

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အရှေ့ခြမ်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်လက်အောက်ခံတွေက ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေကြပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် “ကြို့ပင်ကောက်အရှေ့ခြမ်းကရွာတွေကို စစ်တပ်အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာ တပတ်လောက်ရှိနေပြီ။ စစ်ကြောင်းစဝင်ကတည်းက ရွာတွေကို တနေ့ ၆ ကြိမ် ၇ ကြိမ် ဒရုန်းတွေနဲ့ ဆက်တိုက်ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့လည်းထုတယ်။ ပြည်သူ ၁ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရထားတယ်။ လူနေအိမ်တွေလည်းအလုံး ၂၀ လောက် မီးရှို့ခံထားရတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းကနေ ဇူလိုင် ၁၉ ရက်နေ့မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တာကြောင့် ရုံးချောင်းကျေးရွာက အသက် ၃၆ နှစ်အရွယ် မမိုးသီတာ သေဆုံးခဲ့သလို နောက်ထပ်အမျိုးသမီး ၁ ယောက်လည်း ခြေထောက်မှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ကြကာ စစ်တပ်လက်အောက်ခံတွေနဲ့ မီးရှို့ဖျက်ဆီးတာကြောင့် မြို့ကိုင်းကျေးရွာက လူနေအိမ် ၁၀ လုံးနဲ့ ချောင်းဝကျေးရွာက လူနေအိမ် ၇ လုံးတို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်းရောက်ရှိနေတဲ့ ကြို့ပင်ကောက်အခြေစိုက် ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေး က “အဲ့ဒီ လူနေအိမ်တွေ မီးရှို့တဲ့စစ်ကြောင်းနဲ့ ၁၉၊ ၂၀ ရက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးတော့ သူတို့ဘက်က ၇ ကောင်တခါ၊ ၂ ကောင်တခါ စုစုပေါင်း ၉ ကောင် သေတာမျက်မြင်တွေ့ရတယ်။ သူတို့ဘက်က ဒရုန်းနဲ့ဗုံးကြဲလို့ ကျနော်တို့ရဲဘော် ၁ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရတယ်။ အဲဒါပြီး​ သူတို့ဘက်က အထိနာလို့ ကြားရက်တွေမှာ တိုက်ပွဲခဏငြိမ်ပြီးတော့ အင်အား ၃၀ လောက် ထပ်ဖြည့်တာ၊ အခုဆို အင်အား ၁၈၀ လောက်ရှိသွားပြီး စစ်ကြောင်းရှေ့တိုးလာလို့ အခုတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ၁၉ ရက်နေ့မှာ အဲ့ဒီစစ်ကြောင်း ပစ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့မဆိုင်တဲ့ ရုံးချောင်းရွာထဲကိုကျပြီး မမိုးသီတာ ဒဏ်ရာရတာမှာ မြို့တက်ပြီး ဆေးကုဖို့သွားတော့ စစ်တပ်အထိုင်စခန်းကနေ တားထားလို့ ဆေးမကုရဘဲ သွေးထွက်လွန်ပြီး ၂၀ ရက်နေ့မှာ ဆုံးသွားတာပါ” လို့ DVB ကို ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ​မြို့ကိုင်းကျေးရွာနဲ့ ချောင်းဝကျေးရွာတွေက ဒေသခံပြည်သူတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးထား​သလို တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အနီးအနားဝန်းကျင်တွေမှာ နေထိုင်ကြတဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013