
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဩဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းကနေ ဗုံးတွေကြဲသွားတာကြောင့် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ကြို့ပင်ကောက်ရဲ့အရှေ့ဘက်ခြမ်းက ကျောက်စလစ်ကုန်းရွာဘက်ကို ဗုံးကြဲသွားတာ။ ဒဏ်ရာရတဲ့သူတွေကတော့ ၁ နှစ်သား ကလေးငယ် ၁ ယောက်နဲ့ အသက် ၇၀ လောက် သက်ကြီးအမျိုးသား ၁ ယောက်တို့အပါအဝင် ၆ ယောက် ဒဏ်ရာရကြတယ်။ အဲဒီထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကတော့ ဗိုက်တွေထိပြီး အူတွေပါ ထွက်ထားလို့တော့ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်။ ညနေပိုင်းအထိတော့ အသေအပျောက်ရှိတယ် မကြားမိသေးဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အဆိုပါကျေးရွာအတွင်းက လူနေအိမ် ၅ လုံးထက် မနည်းလည်း ထိခိုက်ပျက်စီးသွားပါတယ်။
စစ်တပ်က အဆိုပါကျေးရွာကို Y12 လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲချသွားတာလို့ ဆိုပါတယ်။
အုတ်ဖိုမြို့နယ်အခြေစိုက် ၃၈၀၂ တပ်ရင်း တပ်ခွဲ ၄ တာဝန်ခံ ဗိုလ်တောက်တဲ့က “အဲဒီရွာဘက်မှာတော့ စစ်တပ်က စစ်ကြောင်းထိုးနေတာ မရှိသလို တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူး။ လက်ရှိစစ်ကြောင်းတွေက ဒီဘက် အုတ်ဖိုမြို့နယ်ထဲမှာ ၁ ကြောင်းနဲ့ အဲဒီ ကြို့ပင်ကောက် မြို့နယ်ထဲက မြို့ချောင်းရွာနားက မင်းဝရွာဘက်မှာ စစ်ကြောင်း ၁ ကြောင်းထိုးနေတယ်။ ဒါပေမဲ့ အခု ဗုံးကြဲခံရတဲ့ရွာနဲ့ စစ်ကြောင်းတွေနဲ့က တော်တော်လေးဝေးပါတယ်”လို့ DVB ကို ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










