DVB Logo
Home
မြန်မာသတင်း
လူထုအခြေပြု လူပျောက်ရှာဖွေရေးစီမံချက် အစီအစဉ်များ ပေါ်ပေါက်ရန်လိုအပ်
DVB
·
July 15, 2025
လူထုအခြေပြု လူပျောက်ရှာဖွေရေးစီမံချက် အစီအစဉ်များ ပေါ်ပေါက်ရန်လိုအပ်
Donate to DVB

မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရွယ်စုံ လူပျောက်ဆုံးတာတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားလာနေသလို လူပျောက်သတင်းတွေကို လူမှုကွန်ရက်တွေမှာ ပျောက်ဆုံးကြောင်း ကြေညာနေတာဖြစ်ပြီး ပြန်တွေ့၊ မတွေ့ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေ မပါဝင်တာဖြစ်လို့ လူထုရဲ့ စိုးရိမ်မှုတွေကလည်း ပိုမိုမြင့်တက်နေပါတယ်။

အခုဆို လူပျောက်တွေ ပိုမိုများပြားလာနေပြီး လူထုကို အခြေပြုတဲ့ လူပျောက်ရှာဖွေရေးစီမံချက်အစီအစဉ်တွေ ပေါ်ပေါက်လာဖို့ လိုကြောင်း ပြည်တွင်းအခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တခုရဲ့ သုတေသီရဲ့တယောက်က ပြောပါတယ်။

“လူပျောက်ကိစ္စဟာ Public Issue တခု ဖြစ်လာတော့ သေသေချာချာ ဇောက်ချပြီး လုပ်ပေးနိုင်ပြီး အရည်အချင်း ပြည့်ဝတဲ့ Non-profit/Non-government အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လုပ်ဖို့ လိုပါတယ်။ ဘာလုပ်သင့်သလဲ ဆိုတာက ပြောရင် လွယ်ပါတယ်။ မြေပြင်မှာ လုပ်ဖို့က မလွယ်တာတွေ အများကြီးပါပဲ။ ဥပမာ အခု လုပ်ငန်းလုပ်ဖို့ အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှု ရတယ်ဆိုရင်တောင်မှ သူတို့လုပ်ငန်း လုပ်တဲ့အခါမှာ ရဲအရေးပိုင်ကိစ္စကို စွက်ဖက်မှု ဖြစ်နေမလား၊ မဖြစ်အောင် ဘယ်လို စီစဉ်မလဲ ဆိုတာတွေကို ဥပဒေ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေယူဖို့ လိုပါသေးတယ်။ ဘယ်အတိုင်းအတာအထိပဲ လုပ်မယ်၊ ဘယ်ကိစ္စမှာ ဘယ်လို လုပ်မယ် ဆိုတာကို မူချပေမဲ့ Steering Committee/Board တွေ ဖွဲ့ဖို့ အထိပါ လိုပါတယ်။ တကယ် လုပ်မယ့် အဖွဲ့အစည်းတွေ ရှိလာရင်တော့ လုပ်လို့ ရသလောက် အခြေအနေကို ကြည့်ပြီး စီစဉ်လို့ရမှာပါ။”

လူပျောက်ကြော်ငြာအတွက် ဝိုင်းဝန်ပြီး ကူညီရှာဖွေပေးနေတဲ့ Facebook Group ပေါင်း ၂၁ ခု လောက် ရှိပြီး Posts ပေါင်း ၄၀၀ ကျော်လောက် တင်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ အဲဒီအထဲ အချက်အလက် အစုံအလင်ပါတဲ့ ပို့ ၁၅၅ ခုသာရှိပြီး တူနေတာတွေ ထပ်ဖယ်လိုက်ချိန်မှတော့ စိစစ်သုတေသနလုပ်ဖို့ အသုံးဝင် ပို့စ်ပေါင်းကတော့ ၄၆ ခုပဲ ရှိကြောင်းလည်း သိရပါတယ်၊

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က လူပျောက်မှုတခုမှာ ဥပဒေကြောင်းအရ အကာအကွယ် မရှိခဲ့ဘဲ ကိုယ်တိုင်ငွေပေးပြီး ပြန်ရှာတွေ့ခဲ့တဲ့အကြောင်း ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

"အရင်ဆုံးတော့ မိဘတွေပေါ့လျော့တာပေါ့၊ နောက်တခုက ဥပဒေအကာအကွယ်မရတဲ့ကိစ္စပေါ့။ အခုဆို စပျောက်သွားတဲ့ နေရာအချိန်အကုန်သိတာတောင် ဥပဒေလမ်းကြောင်းနဲ့ လိုက်မရတာတွေဖြစ်တယ်။ အမှုသွားဖွင့်ရင်လည်း ဟိုဟာလို ဒီဟာလိုနဲ့ အမှုက ဖွင့်လို့မရပြန်ဘူး။ အခုဟာက လူတွေပြန်ပေးဆွဲပြီး ငွေတောင်းတယ်ဆိုတာက ဥပဒေရဲ့ အားနည်ချက်ကို သိတဲ့ အဖွဲ့တွေက ဒါကို အဖွဲ့လိုက်ကို ကျူးလွန်နေတာ၊ အဲဒီတော့ အာဏာပိုင်ကို အားကိုးနေတာချည်းသက်သက်မဟုတ်ဘဲ လူထုအခြေပြုတဲ့ လူပျောက်ရှာဖွေရေး စီမံချက်တွေ ရှိလာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။”

လူပျောက်ဆုံးမှုဖြစ်စဉ်တွေကို မျိုးတူအုပ်စုအနေနဲ့ ခွဲခြားကြည့်မယ်ဆိုရင် ကလေးသူငယ်၊ ဆယ်ကျော်သက် လူပျောက်ဆုံးမှုတွေထဲ ငယ်လွန်းတဲ့ ကလေးတွေ လမ်းထဲမှာ ကစားနေရင်း ပျောက်ဆုံးတာ၊ အုပ်ထိန်းသူ မပါတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ သူငယ်ချင်းဆီ အလည်သွားတာ၊ အပြင်ထွက် မုန့်ဝယ်တာ၊ ကျောင်းပြန်၊ ကျူရှင် အပြန်မှာ ပျောက်ဆုံးတာတွေနဲ့ မသန်စွမ်း ကလေးသူငယ် နဲ့ ဆယ်ကျော်သက်တွေ ပျောက်ဆုံးမှုတို့ ပါဝင်ပါတယ်။ နောက်ထပ်တခုအနေနဲ့ သက်ကြီးရွယ်အို လူပျောက်ဆုံးမှု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိတဲ့ သက်ကြီးရွယ်အိုနဲ့ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ သက်ကြီးရွယ်အိုတွေ ပျောက်ဆုံးတာ ပါဝင်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့ ပျောက်ဆုံးမှုတွေကတော့ လုပ်ငန်းခွင် အသွားအပြန် လုပ်နေချိန်မှာ ပျောက်ဆုံးတာ၊ နယ်ဘက်ကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့ တက်လာရင်း အဆက်အသွယ် ပြတ်တောက်တာနဲ့ တနေရာကနေ အိမ်ကိုအပြန် အဆက်အသွယ် ပြတ်တောက်တာတွေပါဝင်ပြီး တက္ကစီမောင်းသမားနဲ့ ကားပိုင်ရှိတဲ့သူတွေမှာတော့ လူရောကားပါ ပျောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

တခြားသော အိမ်ထောင်ရေး အချစ်ရေးနဲ့ သက်ဆိုင်တဲ့ လူပျောက်ဆုံးမှုနဲ့ လူကုန်ကူးမှု ပြဿနာတွေကြောင့် ပျောက်ဆုံးတာနဲ့ ရုတ်တရက်အကြောင်းအရင်းမရှိ ပျောက်မှန်းမသိ ပျောက်ဆုံးသွားတဲ့ လူပျောက်ဖြစ်စဉ်တွေ ရှိကြောင်း ပြည်တွင်းအခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တခုရဲ့ သုတေသီရဲ့ လေ့လာစုစည်းထားမှုတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013