DVB Logo
Home
နိုင်ငံတကာ
နယူးယော့ခ် စီမံချက်အတွင်း လူ ၂,၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
September 2, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ တလကြာ ပြုလုပ်ခဲ့တဲ့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှု စီမံချက်အတွင်း လူပေါင်း ၂,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံအတွင်း တရားမဝင် နေထိုင်သူတွေကို ဆက်လက်ပစ်မှတ်ထားသွားမယ်လို့  ပြည်တွင်းလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မာလင် က စက်တင်ဘာ ၁ ရက် နယူးယော့ခ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

"Operation Rotten Apple"လို့ အမည်ပေးထားတဲ့ ဒီစီမံချက်ဟာ ရာဇဝတ်ဂိုဏ်းဝင်တွေ၊ လူသတ်သမားတွေ၊ မုဒိမ်းသမားတွေနဲ့ ကလေးသူငယ်အပေါ် ကြိုတင်ကြံစည် ကျူးလွန်သူတွေကို အဓိက ပစ်မှတ်ထားတာ ဖြစ်ကြောင်း၊ နယူးယော့ခ်ပြည်နယ် အနှံ့အပြားမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း "အဆိုးတကာ့ အဆိုးဆုံးလူတွေ"လို့ မာလင်က တင်စားပြောပါတယ်။ 

ဒါ့အပြင် ပြည်တွင်းလုံခြုံရေးဝန်ကြီး မာလင်ဟာ နယူးယော့ခ်ရဲ့ ဒီမိုကရက်တစ် ခေါင်းဆောင်ပိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်တို့ဟာ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန် နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

နယူးယော့ခ် တာဝန်ရှိသူတွေဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ကင်းလှည့်ရေးအဖွဲ့ (ICE) က ထိန်းသိမ်းမိန့် တောင်းခံထားတဲ့ လူပေါင်း ၁၃,၀၀၀ ကျော်ကို ဖက်ဒရယ် ထိန်းသိမ်းရေးဆီ လွှဲပြောင်းမပေးဘဲ ဒေသတွင်း အသိုက်အဝန်းထဲ ပြန်လွှတ်ပေးခဲ့တာကြောင့် အဲဒီပုဂ္ဂိုလ်တွေကိုပဲ စီမံချက်အတွင်း အဓိက ပစ်မှတ်ထား ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှေ့လျှောက်လည်း အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး မာလင်ဟာ ထရမ့်ပ် အစိုးရအဖွဲ့ရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီကို ထပ်လောင်းအတည်ပြုခဲ့ပြီး ပြစ်မှုဟောင်းရာဇဝင်ကိုပဲ ကြည့်မနေဘဲ တရားမဝင် နေထိုင်သူ မှန်သမျှကို ရှာဖွေ ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အကာအကွယ်ပေးထားတဲ့ မြို့နဲ့ ပြည်နယ် ပေါ်လစီတွေဟာ ပြည်သူ့လုံခြုံရေးကို ထိခိုက်စေတယ်လို့ စောဒကတက်ခဲ့ပြီး ဖက်ဒရယ် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်ထားတဲ့ဒေသတွေကို ဖက်ဒရယ်ရန်ပုံငွေ ခွဲဝေပေးတာကို သဘောမတူကြောင်း ပြောပါတယ်။

ဒီစီမံချက်မှာ ICE အရာရှိတွေ ပါဝင်ခဲ့သလို တခြား ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း မီးမောင်းထိုးပြခဲ့ကာ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း လူပေါင်း ၂,၁၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013