DVB Logo
Home
မြန်မာသတင်း
ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံချက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃၀၀ နီးပါးလုပ်
DVB
·
June 3, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ဧပြီ ၂၀ ရက်ကစပြီး ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာတော့ ဒီစီမံကိန်းစတင်တဲ့ ရက်ပေါင်း ၄၀ ကျော်အတွင်းမှာတင် မြန်မာနိုင်ငံအနှံ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါး ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်အာဏာရှင်အစိုးရရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ဧပြီ ၂၀ ရက်ကနေ  ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတာပါ။

ဒါပေမဲ့ တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို လက်နက်ချဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေသလို၊ မြေပြင်မှာလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်မှုတွေကို နေ့စဉ်တိုးမြှင့် လုပ်ဆောင်လာနေတာပါ။

DVB က ကောက်ယူရရှိထားတဲ့ စာရင်းဇယားတွေအရ ရက် ၁၀၀ စီမံကိန်းစတင်တဲ့ ဧပြီ ၂၀ ရက် ကနေ ဇွန် ၁ ရက်အထိ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၇၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ်သားပြည်သူ ၁၃၄ ယောက် သေဆုံးကာ ၂၅၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းမှာ ၇၁ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ ၅၄ ကြိမ်၊ မကွေးတိုင်းမှာ ၃၆ ကြိမ်နဲ့ ရခိုင်ပြည်နယ်မှာ ၂၀ ကြိမ် ပါဝင်ကာ ကျန်ရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ်က တိုက်လေယာဉ်တွေအပြင် မောင်းသူမဲ့ဒရုန်း၊ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေကို အသုံးပြုပြီး အုပ်စုဖွဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာနေကာ အရပ်သား နေထိုင်ရာ ကျေးရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။

တောင်ကုတ်ဒေသခံတယောက်က “အခု ရခိုင်မှာ နေ့စဉ် လိုလိုပဲ ရခိုင်ပြည်သူပြည်သားတွေ ဗုံးဒဏ်တွေကို ခံနေကြရတယ်။ မနေ့က ဆိုလို့ ရှိရင် ရခိုင်ပြည် ၊ တောင်ကုတ်မြို့နယ်ကို လေယာဉ် ၈ စင်းတောင်မှ အသုံးပြုပြီး ဗုံးကြဲချတာပါ ဂျက်ဖိုက်တာ ၆ စင်းနဲ့ Y12 ၂ စင်းသုံးသွားတာ တွေ့ပါတယ်။ ဗုံးအလုံး ၆၀ လောက် ကျဲချခဲ့တာလို့ သိရပါတယ် ကျနော်တို့ ရခိုင်ပြည်သူတွေ အားလုံးပါပဲ လေကြောင်းအန္တရာယ်ကို အလွန်အမင်းပဲ စိုးရိမ်ကြရတဲ့ အခြေအနေမှာ ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ဘယ်သူ့ဆီမှာမှ လုံခြုံမှု မရှိဘူး။ နောက်တခုက ဒီရာသီက ကျောင်းဖွင့်တဲ့ရာသီလည်း ဖြစ်တယ် ၊ ဆိုတဲ့အခါ မိဘတွေအနေနဲ့လည်း ကလေးတွေကို ကျောင်းထားရဲမှာလည်း မဟုတ်ဘူး ကျောင်းသားတွေအနေနဲ့ လည်း ကျောင်းတက်ဖို့ အခက်အခဲ ပြန်ဖြစ်သွားပြီပေါ့”လို့ ပြောပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ ဖိအားပေးဖို့ ကြိုးပမ်းတဲ့ ငြိမ်းချမ်းရေးအတုအယောင်သာဖြစ်ပြီး "အညံ့ခံခိုင်းခြင်း" သာ ဖြစ်တယ် လို့ သုံးသပ်ကြပါတယ်။

စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုးဝင်းဆွေက စစ်အာဏာရှင်တပ်ရဲ့ ရက်စက်တဲ့ စစ်ရေးဗျူဟာကို ထောက်ပြထားပါတယ်။

စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုးဝင်းဆွေက “ဒီ ရက် ၁၀၀ စီမံချက်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ် ဆိုတဲ့ ကိစ္စ သည် အကြမ်းဖက် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီတော်လှန်ရေးအင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းရေး လို့ စစ်ကြေညာလိုက်တဲ့ သဘောပါပဲ။ မြေပြင်မှာလည်းပဲ အင်အားထောင်ဂဏန်း နီးပါးရှိတဲ့ စစ်ကြောင်းကြီးတွေ လေး၊ ငါး၊ ခြောက်ကြောင်းပေါ့ ဒေသစုံမှာ စစ်ကြောင်းကြီးတွေ ထိုးလာတာ ရှိတယ် ။ အခု ဒီဂျက်ဖိုက်တာတွေ ဆိုလို့ရှိရင် ပြစ်မှတ်တခုတည်းကို အုပ်စုဖွဲ့ပြီးတော့ ပေါ့ ဂျက်ဖိုက်တာ လေး၊ ငါးစင်း တပြိုင်နက် တည်း လာရောက်ကြဲတဲ့ ပုံစံမျိုးပေါ့၊ ဒီအရပ်သားပြည်သူတွေပေါ် တည့်တည့် လေကြောင်းကနေ ကြဲချနေတာပေါ့ဗျာ။ ပစ်မှတ်နဲ့ လက်နက်နဲ့ တောင် မတန်တဆတွေကို ရက်ရက်စက်စက် ကြဲချပြီး သတ်ဖြတ်နေတာက နေ့စဉ်နဲ့အမျှ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင်အနေနဲ့ လေကြောင်းအားသာချက်ကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို အကြောက် တရားနဲ့ ညှဉ်းပန်းနှိပ်စက်နေကာ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေး ခေါ်ယူ နေတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013