
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို ဩဂုတ် ၂၄ ရက်မှာ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသူ/ကျောင်းသားတွေ အပါအဝင်ပြည်သူ ၅ ယောက် သေဆုံးကာ ၁၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
မနေ့ မနက် ၁၁ နာရီ ၉ မိနစ်မှ ၁၁ နာရီ ၁၆ မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ စိမ်းညှင်းဝကျေးရွာကို ဗုံးကြဲခဲ့လို့ အဆိုပါကျေးရွာတွင်းနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကို ဗုံးသီးတွေကျရောက်ခဲ့လို့ ကျောင်းမှာ ပညာသင်ယူနေတဲ့ မူလတန်းကလေးတယောက် အပါအဝင် ဒေသခံ ၅ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ နောက်ထပ် ၁၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါတယ်။
မျက်မြင်ဒေသခံတယောက်က "မနက်ကတည်းက အဲဒီရွာကိုပဲ ဆက်တိုက်ချနေတာပါ။ ကျနော်တို့ကလည်း အဲဒီရွာဘက် အသွားလမ်းမှာ ဆိုင်ကယ်ရပ်ပြီး ပုန်းနေခဲ့ရတယ်။ ကျောင်းမှာက ကလေးငယ်တွေကို စာသင်ပေးထားတာ၊ အဲဒီစာသင်ဆောင် အနားကို ကျသွားတော့ ကလေး တယောက် သေတယ်။ နောက်ထပ် ကျောင်းသားတွေ ဒဏ်ရာရကြတယ်။ သေနေတဲ့လူတွေနဲ့ ဒဏ်ရာရတဲ့လူတွေကို ကြည့်ပြီး သတိမေ့မျောချင်တဲ့စိတ်တောင် ဖြစ်သွားရတယ်။ ဒေါသလည်း တအားထွက်မိတယ်"လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ၁၇ ယောက်ထဲမှာ ၁၀ နှစ်အောက် မူလတန်းကျောင်းသား ကလေးငယ် ၈ ယောက် ပါဝင်နေပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရသူ ၆ ယောက်ရှိနေလို့ သေဆုံးသူ အရေအတွက်မှာ ထပ်တိုးလာနိုင်တယ်လို့ အာရက္ခတပ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က "အဓိက ဒဏ်ရာရတဲ့ ကလေးတွေထဲမှာ တကယ့်ကို စိုးရိမ်ရတဲ့ ကလေးတွေလည်း ပါနေတယ်။ အဲဒါကို ဆေးဝါးနဲ့ လောလောဆယ် ကုသပေးထားပေမဲ့ ဗုံးဆံထိထားတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ စိုးရိမ်ရပါတယ်”လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝကျေးရွာရှိ လူနေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင်တချို့မှာလည်း လုံးဝ ပျက်စီးသွားခဲ့ပါတယ်။
ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်မှာလည်း ပလက်ဝမြို့နဲ့ ဆမီးမြို့တွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။











