
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီ ၂၈ မိနစ်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက် သေဆုံးပြီး ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတယောက်က "နန်းကျားရွာနားမှာ ဘာရုံးမှ မရှိပါဘူး။ စစ်ကောင်စီ လက်ထက်တုန်းကဆိုရင် လေယာဉ်ကွင်းအသစ် တည်ဆောက်နေတာ ရှိပါတယ်။ ဒေသခံ ရခိုင်နဲ့ ဒိုင်းနက် တိုင်းရင်းသားတွေ အတူနေထိုင်တဲ့ ရွာဖြစ်ပြီး၊ အဲဒီရွာကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို ညဉ့်အချိန်မှာ ဗုံးလာကြဲတာကို တကယ့် စိတ်မကောင်း ဖြစ်ရပါတယ်" လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ နန်းကျားကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်သဲသဲမွန်ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒဏ်ရာရရှိသွားသူတွေကတော့ ရခိုင်လူမျိုးတွေဖြစ်တဲ့ အသက် ၇ နှစ်အရွယ် မဝင်းပပလှိုင်၊ အသက် ၂၄ နှစ်အရွယ် မောင်အောင်သန်းနိုင်၊ အသက် ၄၅ နှစ်အရွယ် ဦးဦးထွန်းဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးအောင်ကျော်ဇော၊ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအေးသန်း၊ အသက် ၅၈ နှစ်အရွယ် ဒေါ်မလှစိန်၊ အသက် ၇၀ အရွယ် ဦးမောင်နီထွန်း၊ အသက် ၃၃ နှစ်အရွယ် ဒေါ်သန်းသန်းစိုး၊ အသက် ၂၇ နှစ်အရွယ် မစိုးစန္ဒာထွန်း၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးယဉ်နဲ့ အသက် ၁၆ နှစ်အရွယ် မစုနန္ဒာဝင်းတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် အဆောက်အအုံ ၄ လုံး၊ မော်တော်ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ အပ်ချုပ်စက် ၂ လုံးနဲ့ လူအသုံးအဆောင် ပစ္စည်းအချို့ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
အလားတူ နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီ ၅၇ မိနစ်ကလည်း ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာ အနီးဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မျှာလီကန်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ပေါင် ၅၀၀ ဗုံးသီးတလုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ဗုံးသီး ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်မှာ ဗုံးစ ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ ကျောင်း ခြံစည်းရိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။











