
ပြီးခဲ့တဲ့ မတ်လကတည်းက ပျောက်ဆုံးသွားတဲ့ အသက် ၂၁ နှစ်အရွယ် ယောကျ်ားလေးတယောက်ကို ၄ လအကြာမှာ စစ်တပ်ထဲကနေ အဆက်အသွယ် ပြန်ရခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
အဲဒီယောကျ်ားလေးဟာ အဲဒီနေ့ မနက် ၈ နာရီမှာ အလုပ်သွားဖို့ နေအိမ်ကနေ ထွက်သွားကတည်းက မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
မိသားစုဝင်တယောက်က “မှတ်မှတ်ရရပြောရရင် မတ် ၁၆ ရက်နေ့ကတည်းကစပြီး အဆက်အသွယ်မရတော့တာ။ သူက ဟိုတယ်မှာ အလုပ်လုပ်တာ။ ဟိုတယ်မှာပဲ နေတာများတယ်။ အိမ်ကိုတော့ တပတ် တခါမှ ပြန်လာတာပေါ့။ အဲဒီနေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာ။ တနေ့ကမှ ဆက်သွယ်လာတယ်။ စစ်တပ်ထဲမှာတဲ့။ ဟိုပုံးဘက်မှာလို့ ပြောတယ်” လို့ပြောပါတယ်။
ယောကျ်ားလေးဟာ တောင်ဥက္ကလာမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ရဲမင်းခန့်ဖြစ်ပြီး ရိပ်သာမှတ်တိုင်နားမှာ အိမ်စီးကားတစီးပေါ် ဆွဲတင်ခံရပြီးနောက် စစ်တပ်ထဲ ပို့ဆောင်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကို စစ်အာဏာရှင်တွေက အသက်သွင်းလိုက်ပြီးနောက်ပိုင်း လူငယ်တွေဟာ ရပ်ကွက်အလိုက်အလှည့်ကျ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်တာခံနေကြရသလို စစ်သား ဒါမှမဟုတ် မသမာသူတွေကလည်း လမ်းသွားလမ်းလာတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ရောင်းစားနေကြတာပါ။











