DVB Logo
Home
မြန်မာသတင်း
ဒေသတွင်းနိုင်ငံများတွင် မြန်မာက ကျန်းမာရေးအာမခံထားမှု အနည်းဆုံးဖြစ်
DVB
·
July 15, 2025
ဒေသတွင်းနိုင်ငံများတွင် မြန်မာက ကျန်းမာရေးအာမခံထားမှု အနည်းဆုံးဖြစ်
Donate to DVB

တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ အမျိုးသမီး ၅ ယောက်မှာ တယောက်နှုန်းသာ ကျန်းမာရေးအာမခံအောက် အကျုံးဝင်ပြီး မြန်မာနိုင်ငံကတော့ အနည်းဆုံးဖြစ်တယ်လို့  လေ့လာမှုစစ်တမ်းတခုကို ကိုးကားပြီး The Hindu Times သတင်းတပုဒ်မှာ ဇူလိုင် ၁၄ ရက်က ဖော်ပြပါတယ်။

ဒါဟာ အရှေ့တောင်အာရှဒေသတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို အလေးထားဖော်ပြတဲ့ ဂျာနယ်တစောင်ဖြစ်တဲ့ The Lancet Regional Health မှာ ဖော်ပြလိုက်တာဖြစ်ပြီး ခုလို လုံလောက်တဲ့ ကျန်းမာရေးအာမခံ လွှမ်းခြုံမှု မရှိတာက သန်းပေါင်းများစွာသော ကျန်းမာရေးနဲ့ သုခကို သိသိသာသာ ခြိမ်းခြောက်လာကာ မတတ်နိုင်တဲ့ ဆေးဝါးစရိတ်တွေကြောင့် ပျက်စီးမှုနဲ့ ကျန်းမာရေးညံ့ဖျင်းမှုတို့ ကြုံတွေ့ရနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

ဒေသတွင်း အမျိုးသမီး ၈ ယောက်မှာ တယောက်က လူမှုဖူလုံရေး အစီအစဉ်တွေမှာ စာရင်းသွင်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပြီး တချိန်တည်းမှာပဲ ၁၃ ယောက်မှာ တယောက်က ပုဂ္ဂလိကပိုင် ဒါမှမဟုတ် စီးပွားဖြစ် ပိုင်ဆိုင်မှုအာမခံကို ဝယ်ယူခဲ့ကြောင်း ဆန်းစစ်ချက်က ဖော်ပြပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အင်ဒိုနီးရှား စတဲ့  ဒေသတွင်းနိုင်ငံတွေမှာ အမျိုးသား ၄ ယောက်မှာ တယောက်က ကျန်းမာရေးအာမခံ အကျုံးဝင်မှုရှိပြီး အင်ဒိုနီးရှားမှာ ၅၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ကာ မြန်မာနိုင်ငံကတော့ အနိမ့်ဆုံး ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကျန်းမာရေးအာမခံ လျှောက်ထားမှုမှာ အမျိုးသမီးတွေက ၅၃ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း အမျိုးသမီးနဲ့ အမျိုးသားတွေအတွက် ကျန်းမာရေးအာမခံ အကျုံးဝင်မှု အမြင့်ဆုံးအဆင့်မှာတော့ အင်ဒိုနီးရှားက ရှိနေပြီး အနိမ့်ဆုံးအဆင့်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေက အသီးသီးရှိနေတယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ပညာရည်မြင့်မားမှုနဲ့ မီဒီယာတွေနဲ့ ထိတွေ့မှု ပိုမိုမြင့်မားတာက အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေက အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် အာမခံလွှမ်းခြုံမှုအပေါ် အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုတွေ ရှိနေတာ တွေ့ရတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တဦးချင်းအချက်အလက်တွေထက် အစိုးရကတိကဝတ်တွေ၊ အာမခံအစီအစဥ်တွေနဲ့ စီးပွားရေးအခြေအနေတွေကို ဒီဇိုင်းရေးဆွဲတာလို၊ အကောင်အထည်ဖော်တာလို ဆက်စပ်အကြောင်းအရာတွေက ကျန်းမာရေးအာမခံလွှမ်းခြုံမှုကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အကြောင်းလည်း ဖော်ပြထားပြီး ရိုးရာယုံကြည်မှုတွေနဲ့ တရားဝင်ဘဏ္ဍာရေးစနစ်တွေအပေါ် ယုံကြည်မှုကင်းမဲ့တာက တောင်အာရှအသိုက်အဝန်းအကြား အာမခံထားရှိမှုကို အဟန့်အတား ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

မူဝါဒတွေက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကျန်းမာရေးဘဏ္ဍာငွေ ထောက်ပံ့မှုစနစ်တွေကို တည်ဆောက်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံတွေကို ပိုမိုကြံ့ခိုင်လာစေဖို့နဲ့ ကျန်းမာရေးအာမခံရဲ့ အကျိုးကျေးဇူးတွေအကြောင်း လူမှုအသိုင်းအဝန်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရေးတို့ကို ဦးစားပေးသင့်ကြောင်းလည်း အကြံပြုထားပါတယ်။

ဒါ့အပြင် လူမှုစီးပွားမညီမျှမှုတွေကို ဖြေရှင်းဖို့နဲ့ အာမခံမထားတဲ့ လူဦးရေအတွက် ရည်ရွယ်တဲ့ မဟာဗျူဟာတွေက သာတူညီမျှတဲ့ ကျန်းမာရေးအာမခံရရှိနိုင်ရေးနဲ့ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆီ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရာမှာ အရေးကြီးတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။

Source: The Hindu Times

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013