DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းက စခန်းအချို့ကို စစ်ကောင်စီတပ် ပြန်သိမ်း၊ မြင်းခြံခရိုင်ကို တိုက်ခိုက်ရန် ကြိုးစား
DVB
·
July 15, 2025
သပိတ်ကျင်းက စခန်းအချို့ကို စစ်ကောင်စီတပ် ပြန်သိမ်း၊ မြင်းခြံခရိုင်ကို တိုက်ခိုက်ရန် ကြိုးစား
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စခန်းတချို့ကို စစ်ကောင်စီက ပြန်သိမ်းယူထားပြီး မြင်းခြံခရိုင်တခုလုံးကိုလည်း ဖိအားပေးတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက PDF တွေ သိမ်းယူထားတဲ့ စခန်းတချို့ကို စစ်ကောင်စီက ဆက်တိုက် ပြန်သိမ်းယူနေတာပါ။

သပိတ်ကျင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ ဩဂုတ် ၂၅ ရက်မှာ အပြည့်အဝ ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာထားတာပါ။

လက်ရှိအချိန်မှာ မြို့အနီးနား စခန်းတွေအထိ စစ်ကောင်စီက ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၄ ရက် ညနေပိုင်းက သပိတ်ကျင်းမြို့နယ်၊ ပိုးဇာရွာ၊ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “မနေ့က ညနေ ၄ နာရီထိုးက ဆီမီးခုံကို (--)သင်္ဘော ၃ စီးကပ်တယ်။ အဲဒီအပေါ်မှာ ရိက္ခာ၊ ခဲယမ်းနဲ့ စကစတပ် ပါလာတယ်ဗျ။ ခန့်မှန်းတာတော့ ၂၀၀ ဝန်းကျင်လောက် ရှိတယ်ပြောတယ်။ အဲဒါ အဲဒီမှာကပ်ပြီးတော့ မနေ့ညက ဆုံရွာကို ၁၀၀ လောက် သွားတယ်တဲ့၊ ဆုံရွာ၊ ပျူရွာကို။ ဒီနေ့မနက်ကျတော့ ၇ နာရီ ၇ နာရီခွဲလောက်ကနေ စပြီးတော့ ငါးမြာကြီး မိုးတောင်ဘက်ကို ဦးတည်ပြီး ထိုးသွားတာ ၉ နာရီထိုးလောက်ကျ အကြီးသံတွေ ကြားတယ်လို့ပြောတယ်။ သပိတ်ကျင်းဘက်ကိုလည်း Y12 နဲ့ ဆော်သွားသေးတယ်။ ဗုံးသီးဘယ်နှလုံးချလဲတော့ မသိရဘူး၊ တည်နေရာလည်း မသိရဘူး။ လှမ်းမေးတာကို ဘယ်လိုမှ မေးမရဘူး ဖြစ်နေတာ။ နေ့လယ် ၁၂ နာရီကျော်လောက်မှာလည်းပဲ ဂျက်ဖိုက်တာနဲ့ ထပ်ချသွားသေးတယ်၊ သပိတ်ကျင်းပဲ။ အဲလောက်လေးပဲ အကြမ်းဖျင်းသိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ဧရာဝတီမြစ်ရိုးအတိုင်း ရေကြောင်းကို အသုံးပြုပြီး တပ်သားအင်အားချတာနဲ့ လက်နက်ရိက္ခာ ထောက်ပို့တာတွေ ပြုလုပ်နေတာပါ။

မြေပြင်အခြေအနေ ရှုပ်ထွေးနေတာကြောင့် သတင်းအချက်အလက်တချို့ကို အတည်မပြုနိုင်သေးဘဲ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို နှစ်ဖက်စလုံးက ဖြတ်တောက်ထားကြပါတယ်။

မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်းမှ ဗိုလ်ဇီးရိုးက “ငါန်းဇွန်ဘက်တွေမှာဆို ရေကြောင်းက တက်လာတာရော ကုန်းကြောင်းက တက်လာတာရော အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ခွဲပြီးတော့ ထိုးတဲ့ပုံစံမျိုးတွေလည်း တွေ့ရတယ်။ နောက် တချို့ရွာတွေမှာ မီးရှို့တယ်ပေ့ါ။ ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်မှုရအောင်ရယ်၊ သူတို့ နယ်မြေတခု အပိုင်နဲ့ လုပ်နိုင်ဖို့ ကြိုးစားနေတဲ့သဘော ရှိပါတယ်။ ကျနော်တို့ မြင်းခြံခရိုင် တခြားဒေသတွေမှာလည်း သူတို့ စစ်ရေးပြင်ဆင်မှုတွေ၊ သွားလာလှုပ်ရှားမှုတွေကတော့ လတ်တလောမှာ အဆက်မပြတ် တွေ့နေရတယ်ပေါ့။ လက်ရှိကတော့ ငါန်းဇွန်ဘက်မှာ စစ်ကြောင်းတွေ ထိုးပြီးတော့ စတင်ပြီး လှုပ်ရှားနေတာမျိုး ထူးခြားမှုတော့ တွေ့ရပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ် စဉ့်ကိုင်မြို့နယ်ကို ဇွန် ၁၇ ရက်ကတည်းက ဖိအားပေး တိုက်ခိုက်နေပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး PDF ဆက်စပ်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာပါ။

စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “မန်းတိုင်းဘက်မှာ တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေ၊ စခန်းတွေကို ပြန်ပြီး စွန့်လွှတ်ရတယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အဆုံးအဖြတ်တိုက်ပွဲကို မရောက်မချင်းတော့ ဘတပြန် ကျားတပြန်ပေါ့ဗျာ။ သူသိမ်းလိုက် ကိုယ်သိမ်းလိုက် ဆိုတဲ့ အခြေအနေတွေကတော့ စစ်ပွဲအတွင်းမှာ ရှိနေမှာပဲ။ ဒီလိုမျိုး ကိစ္စရပ်တခုချင်းကို ထောက်ရှုပြီးတော့မှ တော်လှန်ရေးတစုံလုံး ရွေ့နေသလား နောက်ဆုတ်သွားလား ဆိုတာကိုတော့ အကဲဖြတ်လို့မရနိုင်ပါဘူး။ တော်လှန်ရေးတခုလုံးရဲ့ ဖြစ်စဉ် အကြောင်းတရားတွေ အများကြီးကို ထောက်ရှုပြီးမှ ဆုံးဖြတ်ရမယ့်ဟာ ဖြစ်တယ်ပေါ့ဗျာ။ မြေပြင်မှာဖြစ်နေတဲ့ စခန်းသိမ်း၊ မြို့သိမ်း အနည်းငယ်ကိုပဲ ချိန်ထိုးပြီးတော့မှ စစ်ရေးသုံးသပ်မှု၊ နိုင်ငံရေးသုံးသပ်မှု လုပ်မယ်ဆိုရင်တော့ မှန်ကန်တဲ့အဖြေကို ရမယ်လို့ ကျနော် မယူဆပါဘူး” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က သူစီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ အရေးပါတဲ့ မြို့ပေါ်ဒေသတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ မန္တလေးနဲ့ စစ်ကိုင်းကို ဖိအားပေးဖို့ ရည်ရွယ်တာမျိုး ဖြစ်နိုင်တယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။

မန္တလေးတိုင်းကို စစ်ကောင်စီက ဖိအားပေး တိုက်ခိုက်နေပေမဲ့ လတ်တလော စစ်ကောင်စီရဲ့ အင်အားအခြေအနေအရ စစ်ကိုင်းတိုင်းဘက်ကို အလုံးအရင်းနဲ့ ဖိအားပေးနိုင်တဲ့ အခြေအနေတော့ မရှိနိုင်သေးဘူးလို့ ဆိုပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013