DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပြီး ကုန်ကျစရိတ်ကို NATO က ပေးမည်ဟု ထရမ့်ပြော
DVB
·
July 15, 2025
ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပြီး ကုန်ကျစရိတ်ကို NATO က ပေးမည်ဟု ထရမ့်ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၄ ရက်မှာ ယူကရိန်းအတွက် ဒုံးကျည်တွေနဲ့ တခြားလက်နက်ပစ္စည်းတွေ ပို့ဆောင်မယ့်အစီအစဉ်သစ်ကို ကြေညာခဲ့ပြီး အဲဒီကုန်ကျစရိတ်တွေကို NATO နိုင်ငံတွေက ပေးချေမယ်လို့ ဆိုပါတယ်။

သမ္မတ ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တင်းတင်းမာမာ ဆန့်ကျင်တဲ့ သဘောထားကိုလည်း ဇူလိုင် ၁၄ ရက်မှာ ကြေညာလိုက်ပြီး မော်စကိုအနေနဲ့ အပစ်အခတ် ရပ်စဲရေးလား၊ ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်မလား ဆိုပြီး ရက်ပေါင်း ၅၀ အချိန် သတ်မှတ်လိုက်ပါတယ်။

မော်စကို အနေနဲ့ ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မပြုလုပ်ဘူး ဆိုရင် ရုရှားအပေါ် အခွန်စည်းကြပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ ကြေညာထားတဲ့ ကတိပြုထားချက်ကိုလည်း ပူးတွဲ ဖော်ပြပါတယ်။

ဘဲဥပုံရုံးခန်းမှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ ကြေညာချက်တခုမှာ ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အလွန်စိတ်ပျက်မိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပူတင်ဟာ ဖုန်းနဲ့စကားပြောရတာ သဘောကျပေမဲ့ နောက်ကျောဘက်မှာတော့ ယူကရိန်းကို ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဆိုပါတယ်။

ယူကရိန်းကို လက်နက်တွေပေးပို့မယ့် ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ရီပတ်ဘလစ်ကန်သမ္မတအတွက် အချိုးအကွေ့တခုဖြစ်ပြီး သူ့ရဲ့သက်တမ်း အစောပိုင်းလတွေအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ပူတင်ကို ချော့မော့သိမ်းသွင်းဖို့ ကြိုးပမ်းခဲ့ဖူးသေးပြီး အကြိမ်တိုင်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ လက်နက်တွေကို အမေရိကန်က ထောက်ပံ့ပေးမှာဖြစ်ပြီး NATO က ငွေပေးချေမှာ ဖြစ်ပါတယ်။

ဒုံးကျည်တွေ အပါအဝင် လက်နက်အများအပြားကို ပေးပို့မှု ပထမလှိုင်းအနေနဲ့ အရေအတွက် တစိတ်တပိုင်းကို ပေးပို့မယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဂျာမနီ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်နဲ့ ကနေဒါတို့ဟာ ယူကရိန်းကို လက်နက်ပြန်လည်တပ်ဆင်ရေးမှာ တစိတ်တပိုင်း ပါဝင်ကြမှာဖြစ်ကြောင်းလည်း မတ်ခ်ရူတေက ပြောပါတယ်။

လက်နက်တွေအတွက် NATO က ငွေပေးချေလိမ့်မယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ကတိစကားဟာ အမေရိကန်က စစ်ပွဲအတွက် ငွေကြေးထောက်ပံ့နေမှုကို ဆက်မလုပ်တော့ဖို့နဲ့ ဥရောပ အပါအဝင် အမေရိကန်ရဲ့ မိတ်ဖက်တွေက ငွေကြေးဝန်ထုပ်ဝန်ပိုးကို ထမ်းပေးသွားဖို့ သူ့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတာလည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ အသေအကျေတိုက်ပွဲမှာ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ဖို့ လက်နက်တွေကို အမေရိကန်နဲ့ သူ့ရဲ့ NATO မဟာမိတ်တွေဆီကို ပုံမှန်တောင်းဆိုနေတာပါ။

ပက်ထရီးရော့ ဒုံးခွင်းဒုံးစနစ်တွေနဲ့ ဘက်ထရီတွေ အပါအဝင် ထိပ်တန်း လက်နက် ပစ္စည်းကိရိယာတွေ မကြာမီ ရောက်ရှိလာတော့မယ်လို့လည်း သမ္မတ ထရမ့်ပ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013