
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံးထက် မနည်းအမိုးလန်၊ ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် မနက် ၁၁ နာရီကျော်ကျော်အချိန်က ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ကျေးရွာမှာ မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံး ထက်မနည်း မိုးလန်ပြိုကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအရပ်သား တယောက်က “မိုးကတော့ မနက်ကတည်းက ရွာနေတာ။ လေ ရုတ်တရက် တိုက်သွားတာ။ လေကြောင်းကျတဲ့ပုံစံ ဖြစ်သွားတာ။ တရွာတည်း ပျက်စီးအိမ် မနည်းဘူး” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် သွပ်မိုး၊ သစ်အိမ်တွေနဲ့ သွပ်မိုးအုတ်ခံ တိုက်အိမ်တွေပါ အမိုးလန် ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်တွေလူနဲ့ တရိစ္ဆာန်တွေထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ကူညီရှင်းလင်းရေးဆောင်ရွက်ပေးသူတယောက်က “အိမ်တွေပဲ ပျက်စီးတာ။ ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေပါတယ်။ သစ်ပင်တွေ လဲကျတာတွေ ရှိတယ်။ လေဘေးသင့်တွေက လောလောဆယ် မိသားစုတွေရဲ့အိမ်တွေမှာ ခဏနေနေတယ်” လို့ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ၊ လဲကျသွားတဲ့ သစ်ပင်တွေကို ပုဗ္ဗသီရိ မြို့နယ်မီးသတ်ဌာန မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပူးပေါင်းရှင်းလင်းဖယ်ရှားနေတယ်လို့ သိရပါတယ်။










