DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့် ငဖဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဖမ်းမိ၊ ၂ ဦး အလင်းဝင်
DVB
·
July 15, 2025
ဟားခါးနှင့် ငဖဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဖမ်းမိ၊ ၂ ဦး အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်တို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက်ကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Chinland Defense Force - Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလ ၁၀ ရက်နေ့က ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်သားတယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့ပါတယ်။ သူ့ကို သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးလိုက်ပါပြီ။ အရင်နေ့က အရှင်ဖမ်းမိတဲ့သူကတော့ ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟာလည်း ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေသူဖြစ်ကာ ဇူလိုင် ၁၃ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇူလိုင် ၁၃ ရက်ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် ကာကင်းစခန်းကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “သူ့နာမည်ကတော့ ကိုမောင် တဲ့။ အသက်က ၂၄ နှစ်ပါ။ ဇာတိကလည်း သရက်မြို့နယ်ထဲကပါပဲ။ သရက်မြို့နယ်ထဲမှာပဲ ခရီးသွားရင်း အခုနှစ် ၅ လပိုင်းထဲမှာ ပေါ်တာဆွဲခံခဲ့ရပြီး ရှမ်းတောင်က ကျိုင်းတောင်း အမှတ် ၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းသင်တန်း ၂ လခွဲဆင်းလို့ နတ်ရေကန် ကာကင်းစခန်းကို ရောက်ရှိလာတာ သိပ်မကြာသေးဘူး။ ကင်းကျတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေ ယူလာပြီး ကျနော်တို့ဆီ အလင်းဝင်လာတာ။ ကျနော်တို့ဆီကို ကြိုပြီး ချိတ်ဆက်ထားတာကတော့ အရင်လကုန်ပိုင်းကတည်းကပေါ့။ သူက သူ နိုင်တဲ့အားနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်ဖို့ ဆုံးဖြတ်ထားတယ်တဲ့။ တော်လှန်​ရေးစတဲ့အချိန်ကနေ အခုချိန်အထိဆို ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာတဲ့သူက သူအပါအဝင် ၃ ယောက် ရှိနေပါပြီ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်လာသူ ကိုမောင်ဟာ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည်အတောင့် ၁၀၀ နဲ့ အီကွေ့မန့် ၁ ခုတို့ ယူဆောင်လာတဲ့အတွက် ဆုကြေးငွေ သိန်း ၃၀ ချီးမြှင့်ပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အမြန်ဆုံး အလင်းဝင်ပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်​ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013