
အသက် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ် ပျော်ပွဲစားထွက်အပြီးမှာ ပင်ပန်းနွမ်းနယ်နေတဲ့အတွက် ဆေးရုံတက်ခဲ့ရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဆေးရုံကပြန်ဆင်းပြီလို့ သူ့ရုံးက ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မလေးရှားရဲ့ စတုတ္ထမြောက်နဲ့ သတ္တမမြောက် ဝန်ကြီးချုပ် မဟာသီယာဟာ အရင်ကလည်း နှလုံးပြဿနာတွေ ရင်ဆိုင်ခဲ့ရဖူးပြီး နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှုလည်း လုပ်ခဲ့ဖူးပါတယ်။
ပင်ပန်းနွမ်းနယ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေအတွက် ကွာလာလမ်ပူက အမျိုးသား နှလုံးအင်စတီကျုမှာ စစ်ဆေးမှုခံယူခဲ့ပြီးတော့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ အိမ်ပြန်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
မဟာသီယာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က အသက် ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ ဇနီးသည် ၉၉ နှစ်ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်ပြီးတော့ ပျော်ပွဲစား ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပျော်ပွဲစားထွက်ခဲ့တဲ့နေရာကို ကိုယ်တိုင်ကား မောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တနာရီလောက် စက်ဘီးစီးအပြီးမှာတော့ ပင်ပန်းသွားတာသာဖြစ်ပြီး စိုးရိမ်စရာမဟုတ်ဘူးလို့ သားဖြစ်သူက ပြောပါတယ်။
မဟာသီယာဟာ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ၂၂ နှစ်ကြာ တာဝန်ယူခဲ့ပြီးမှ အနားယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ မှာတော့ အတိုက်အခံ ညွန့်ပေါင်းကို ဦးဆောင်ပြီး သမိုင်းဝင် အောင်ပွဲယူနိုင်ခဲ့ကာ ဝန်ကြီးချုပ်တာဝန် ၂ နှစ်နီးပါး ယူခဲ့ပါတယ်။ ဒါပေမဲ့ ညွန့်ပေါင်းတွင်း ပဋိပက္ခတွေကြောင့် သူ့အစိုး ရ ပြိုလဲခဲ့ရပါတယ်။
Source: Reuters










